ဖရဲသီးတစ်လုံးယူစားမိ၍ ကြိုးနှင့်တုပ်ပြီး ဓားဖြင့် အခုတ်ခံရ

ဖရဲသီးတစ်လုံးယူစားမိ၍ ကြိုးနှင့်တုပ်ပြီး ဓားဖြင့် အခုတ်ခံရ
ဓာတ်ပုံ- မန္တလေးတိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဒီဇင်ဘာလ ၁ဝ ။           ။ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ဖောင်းကတောရွာတွင် ဖရဲသီးပုံထဲမှ ဖရဲသီးတစ်လုံးယူစားသူအား ကြိုးနှင့်တုပ်၍ ဓားဖြင့်ခုတ်သူ ၂ ဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သိရသည်။

 အဆိုပါ ၂ ဦးမှာ ဖရဲစိုက်ခင်းမန်နေဂျာဖြစ်သူ အသက် ၂၈ နှစ်အရွယ်စိုင်းမောင်ရီနှင့် အသက် ၃၅ နှစ်အရွယ် စိုင်းစိုင်းအောင်တို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဒီဇင်ဘာလ ၁ဝ ရက်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၉ ရက်နေ့၊ နေ့လယ် ၁ နာရီခွဲခန့်အချိန်က ငါန်းဇွန်မြို့နယ်၊ ဖောင်းကတောရွာတွင်နေထိုင်သော ဦးဝင်းဆန်းသည် နေအိမ်၌ရှိနေစဉ် မြေးဖြစ်သူ အသက် ၁၅ နှစ်အရွယ် နိုင်ကိုထက်အား ဖရဲစိုက်ခင်း ရှိ လူများမှဆွဲခေါ်သွားကြောင်း သိရှိရသဖြင့် လိုက်သွားခဲ့ရာ ဖရဲစိုက်ခင်းအတွင်း နိုင်ကိုထက်အား လက်တွင် ကြိုးတုတ်လျက် နောက်ကျော အလယ်ပြတ်ရှ/ ယာနားနောက်ဖူးရောင်ဒဏ်ရာများဖြင့် ထိုင်နေသည်ကို တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

 နိုင်ကိုထက်အား မေးမြန်းခဲ့ရာတွင် ၎င်းမှာရဲဝင်းရွှေနှင့် အသားကျင်ရွာရှိ ဖုန်းပြင်ဆိုင်တွင် ဖုန်းရွေးပြီးအပြန် ဖရဲ စိုက်ခင်းအတွင်း ခူး၍ပုံထားသော ဖရဲသီးပုံထဲမှ ဖရဲသီးတစ်လုံးအားယူပြီး ခွဲစားခဲ့ကြောင်း၊ ၎င်းအချိန် ဖရဲ စိုက်ခင်းရှိ အမည်မသိလူ ၂ ဦးသည် တဲသို့ဆွဲခေါ်စဉ်ရဲဝင်းရွှေမှာ ထွက်ပြေးသွားခဲ့ကြောင်း၊ တဲထဲသို့ အရောက် တွင် ၎င်း၏ လက်အား ကြိုးနှင့်တုပ်၍ ဓားဖြင့်နောက်ကျောကို ခုတ်ပြီး ဓားအိမ်ဖြင့် ၅ ချက်ခန့်ရိုက်ကာ ခြေထောက်နှင့် ကန်၍ တုတ်နှင့်ထပ်မံရိုက်ခဲ့ကြောင်းပြောပြသဖြင့် ရဲတပ်ဖွဲ့မှ စုံစမ်းခဲ့ကြောင်းထုုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

  ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးချက်အရ ပြစ်မှုကျူးလွန်သူများမှာ ဖရဲစိုက်ခင်း မန်နေဂျာဖြစ်သူ အသက် ၂၈ နှစ်အရွယ် စိုင်းမောင်ရီနှင့် အသက် ၃၅ နှစ်အရွယ် စိုင်းစိုင်းအောင်တို့ဖြစ်ပြီး လက်ရှိတွင် ၎င်းတို့ ၂ ဦးကို ငါန်းဇွန် မြို့မရဲစခန်းတွင် (ပ)၈၅/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၅/၃၄၂/၁၁၄ အရ ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်ကာ ဖမ်း ဆီး စစ်ဆေးနေကြောင်းသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly