ဒိုက်ဦးပိုက်ဆံအတုကိစ္စ ပြည်ထဲရေးနှင့် နစ်နာသူထွက်ဆိုချက် ကွဲလွဲနေ

ဒိုက်ဦးပိုက်ဆံအတုကိစ္စ ပြည်ထဲရေးနှင့် နစ်နာသူထွက်ဆိုချက် ကွဲလွဲနေ

ရန်ကုန် ၊ ဒီဇင်ဘာ ၉ ။          ။ ဒိုက်ဦးမြို့နယ်အတွင်း၌ တစ်သောင်းတန်ငွေစက္ကူအတု ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးရမိသည့် မိန်းကလေးငယ်အမှုတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက် နှင့် မိန်းကလေးဘက်မှ ပြောဆိုချက်များ ကွဲလွဲမှုများ ရှိနေသည်။

ဒိုက်ဦးမြို့နယ်၊ လယ်ကြားမြောင်ကျေးရွာမှ နော်သော့သွဲ့ထူးသည် တစ်သောင်းတန် ငွေစက္ကူအတု ကိုင်ဆောင်မှုနှင့် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါငွေစက္ကူများကို နော်သောဘွဲ့ထူးသည် စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ်လုပ်ကိုင်ရာမှ ရရှိခဲ့ခြင်းဖြစ်သည်။

နော်သောဘွဲ့ထူးအနေဖြင့် တစ်သောင်းတန်ငွေစက္ကူများသည် အတုများဖြစ်နေခြင်းကို သိရှိသည်နှင့် ၎င်းထံ ဆက်သွယ် ပြောဆိုခဲ့ကြောင်း၊ မိမိမှ ရဲစခန်းကို အပ်နှံရန်အကြံပေးခဲ့ခြင်းကြောင့် ရဲစခန်းကို သွားရောက် အပ်နှံခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM၊ ရွှေ့ပြောင်းအလုပ်သမားဌာန၊ ဌာနမှူး ဒေါ်ထွေးထွေးငယ်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

“၆ ရက်နေ့မှာ ပိုက်ဆံတွေနဲ့အတူ ရဲစခန်းကို သွားမယ်ဆိုတဲ့အခါကျတော့ သစ်စန်းထူး ကုန်စုံဆိုင်က သူတို့ကို ခေါ်လိုက်တယ်။ ရဲစခန်းကို သူတို့သွားပို့ပေးမယ်ဆိုပြီး ပြောတယ်။ နောက်တော့ ရဲစခန်းကို သွားတယ်ပေါ့။ ရဲစခန်းရောက်တဲ့ အခါကျတော့ တစ်သောင်းတန်စက္ကူတွေကို သိမ်းယူလိုက်တယ်။ ပြီးတော့ နော်သောဘွဲ့ထူးအိမ်ကို ပြန်ခေါ်သွားတယ်။ ဟိုရောက်တော့ ပိုက်ဆံတွေဖြန့်ခင်းပြီးတော့ ဓါတ်ပုံရိုက်တယ်။ ဒီလိုမျိုး သတင်းထုတ်ပြန်လိုက်တယ်” ဟု ဒေါ်ထွေးထွေးငယ်က ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး နော်သောဘွဲ့ထူးသည် ရဲစခန်းသို့ သွားရောက်အပ်နှံခြင်းဖြစ်သည်ဟုလည်း လယ်ကြားမြောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှဝင်းက ဆိုသည်။

“ရဲစခန်းကို သွားအပ်တယ်။ ပြီးတော့ ရဲအဖွဲ့က ကျွန်တော်တို့ရွာကိုပြန်ဆင်းလာပြီးတော့ သူတို့အိမ်မှာ ရှာဖွေပုံစံနဲ့ ပြန်လုပ်တာပေါ့။ ပိုက်ဆံတွေက ရဲစခန်းကိုသွားအပ်ကတည်းက ပါသွားတာ” ဟု ဦးလှဝင်းက မဇ္စျိမသို့ ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် သတင်းအရ ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားပြီး နော်သောဘွဲ့ထူးထံမှတစ်သောင်းတန်း ငွေစက္ကူအတု ၁၅၄ ရွက် ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“နော်သောဘွဲ့ထူးတို့ဘက်က လိုအပ်တာတွေကို ကူညီပေးဖို့ စဉ်းစားထားတယ်။ လက်ရှိသူကတော့ အချုပ်ထဲမှာပေါ့” ဟု ဒေါ်ထွေးထွေးငယ်ကဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး နော်သောဘွဲ့ထူးမိခင် ဒေါ်သီသီခိုင်ထံ ဆက်သွယ်မေးမြန်းရာတွင်  CID မှ လာရောက်စစ်ဆေးနေခြင်းကြောင့် ရဲစခန်းသို့ လိုက်ပါသွားသည်ဟု ၎င်း၏ မိသားစုဝင်များက မဇ္စျိမသို့ ဒီဇင်ဘာလ ၉ ရက်နေ့ နေ့လည် ၃ နာရီဝန်းကျင်အချိန်တွင် ပြန်လည်ဖြေဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly