Huawei ရဲ့ CFO ကို ပြန်လွှတ်ပေးရင်ပေး၊ မပေးရင်တော့ ကြီးမားတဲ့အကျိုးဆက်တွေ ခံစားသွားရလိမ့်မယ်ဆိုပြီး တရုတ်က ကနေဒါကို သတိပေး

Huawei ရဲ့ CFO ကို ပြန်လွှတ်ပေးရင်ပေး၊ မပေးရင်တော့ ကြီးမားတဲ့အကျိုးဆက်တွေ ခံစားသွားရလိမ့်မယ်ဆိုပြီး တရုတ်က ကနေဒါကို သတိပေး

ဒီဇင်ဘာ ၉ ။       ။ ကနေဒါနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ Huawei ဘဏ္ဍာရေးအရာရှိချုပ်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ မဟုတ်ပါက ကြီးမားတဲ့ အကျိုးဆက်တွေ ကြုံတွေ့ခံစားသွားရလိမ့်မယ်ဆိုပြီး တရုတ်က ကနေဒါကို ဒီဇင်ဘာ ၈ ရက်မှာ သတိပေးလိုက်ပါတယ်။

ခုဖြစ်တဲ့ အဆိုပါကိစ္စဟာ တော်တော်လေးကို အန္တရာယ်ကြီးတဲ့ ကိစ္စတစ်ခုဖြစ်ကြောင်းလည်း တရုတ်တို့က ပြောပါတယ်။

တရုတ် တယ်လီကွန်း လုပ်ငန်းကုမ္ပဏီ Huawei Technologies Co Ltd ရဲ့ ဘဏ္ဍာရေးအရာရှိချုပ်ဖြစ်သူ Meng Wanzhou ကတော့ ဒီဇင်ဘာ ၁ ရက်မှာပဲ ကနေဒါမှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာဖြစ်ပြီး လက်ရှိမှာ အမေရိကန်ဆီ
တရားခံလွှဲပြောင်းပေးခံရဖို့ ရှိနေပါတယ်။

ဒါဟာ အမေရိကန် ဆန်ရှင်တွေကိုချိုးဖောက်ပြီး အီရန်နဲ့အကြား အရောင်းအဝယ်ကိစ္စတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုပြီး စွပ်စွဲကာ Meng Wanzhou ကို ကနေဒါတို့က ထိန်းသိမ်းထားလိုက်တာဖြစ်ပါတယ်။

Huawei အမှုဆောင် Meng Wanzhou ကတော့ ကုမ္ပဏီ တည်ထောင်သူရဲ့ သမီးလည်း ဖြစ်သလို အနာဂတ်မှာ ကုမ္ပဏီကို ဆက်ခံမယ့့်သူအဖြစ်လည်း ရှုမြင်ခြင်း ခံထားရသူ ဖြစ်ပါတယ်။

အကယ်၍သာ အမေရိကန်ကို လွှဲပြောင်းပေးခြင်း ခံရပါက Meng အနေနဲ့ ယင်းမှာ လိမ်လည်မှု စွဲချက်တွေနဲ့  တရားစွဲဆိုခံရဖို့ ရှိနေပြီး ပြစ်မှု ထင်ရှားပါက အများဆုံး စွဲချက်တစ်ခုလျင် ထောင်ဒဏ် အနှစ် ၃၀ အထိ ကျခံနိုင်ရခြေ ရှိနေပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တစ်ခုမှာတော့ တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Le Yucheng က ပေကျင်းရှိ ကနေဒါသံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ကာ ယင်းကိစ္စကို အပြင်းအထန်ကန့်ကွက်ပြီး Meng ကို ချက်ချင်းလွှတ်ပေးဖို့ သတိပေးချက်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly