အိမ်ဖြူတော် အရာရှိချုပ် ဂျွန်ကယ်လီ အလုပ်ထွက်တော့မည်ဟု ဒေါ်နယ်ထရမ့် ထုတ်ပြော

အိမ်ဖြူတော် အရာရှိချုပ် ဂျွန်ကယ်လီ အလုပ်ထွက်တော့မည်ဟု ဒေါ်နယ်ထရမ့် ထုတ်ပြော

ဒီဇင်ဘာ ၉ ။          ။ အိမ်ဖြူတော် အရာရှိချုပ်ဖြစ်သူ ဂျွန်ကယ်လီဟာ ယခုနှစ်ကုန်ပိုင်းမှာ ၎င်းရဲ့ ရာထူးတာဝန်ကနေ ထွက်ခွာသွားတော့မှာဖြစ်ကြောင်း အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၈ ရက်မှာ ထုတ်ဖော်ကြေညာသွားခဲ့ပါတယ်။

ဒါဟာ ၎င်းတို့ နှစ်ဦးအကြား လများစွာကြာ သဘောထားကွဲလွဲမှုတွေ ပေါ်ထွက်ခဲ့ပြီးနောက် ခုလိုမျိုး ဂျွန်ကယ်လီရဲ့ ထွက်ခွာမှုကို မြင်တွေ့ရဖို့ ရှိလာတာဖြစ်ပါတယ်။

“ ဂျွန်ကယ်လီက ခုနှစ်ကုန်မှာ ထွက်ခွာတော့မှာ ဖြစ်ပါတယ်” ဆိုပြီး ထရမ့်ကအိမ်ဖြူတော်မှာ သတင်းထောက်တွေကို ထုတ်ပြန်တဲ့ ကြေညာချက်တစ်စောင်မှာ ပြောသွားပါတယ်။

ဒါ့အပြင် ကယ်လီဟာ ကြီးကျယ်ထူးကဲတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း၊ ၎င်း ထမ်းဆောင်ခဲ့သမျှတိုင်းကို ချီးကျူးပါကြောင်း ထရမ့်က ပြောသွားခဲ့ပါသေးတယ်။

ဒါ့အပြင် အိမ်ဖြူတော်အရာရှိချုပ် ဂျွန်ကယ်လီရဲ့ နေရာမှာ အစားဝင်မယ့်သူရဲ့ အမည်ကိုလည်း လာမယ့် တစ်ရက်၊ နှစ်ရက်အတွင်း ထုတ်ပြန်ကြေညာဖို့ ရှိကြောင်း ထရမ့်က ပြောသွားပါတယ်။

ရေတပ် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ ဂျွန်ကယ်လီကတော့ အိမ်ဖြူတော် အရာရှိချုပ်အဖြစ် ၂၀၁၇ ဇူလိုင်လက ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။

ယင်းနောက်မှာတော့ အဆိုပါ အိမ်ဖြူတော် အရာရှိချုပ် တာဝန်ကို ယူရတာဟာ သူ့ဘဝမှာ အခက်ခဲဆုံး အလုပ်ဖြစ်တယ်လို့ ကယ်လီက ထုတ်ဖော်ဝန်ခံခဲ့သလို နောက်ပိုင်းမှာ ၎င်းနဲ့ ထရမ့်အကြား ဆက်ဆံရေး ဆိုးရွားမှုတွေ
ဖြစ်ပေါ်နေခဲ့တယ်ဆိုပြီး ကောလာဟလတွေလည်း ထွက်ပေါ်ထားခဲ့တာဖြစ်ပါတယ်။

အိမ်ဖြူတော်အရာရှိချုပ် ရာထူးကတော့ အိမ်ဖြူတော် အမှုထမ်းအားလုံးအနက် ရာထူးအမြင့်ဆုံး ဖြစ်ပြီး ပုံမှန်အားဖြင့် ၎င်း ရာထူးယူထားသူဟာ သမ္မတရဲ့ အစီအစဉ်တွေကို စီမံခန့်ခွဲပေးရတဲ့ အလုပ်ကို လုပ်ရကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required