လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

မနေ့တုန်းက ကျနော်တို့ဆွေးနွေးခဲ့ကြတာ မှတ်မိပါသေးရဲ့လား။ စာပိုဒ်တစ်ပိုဒ်မှာ ဦးဆောင်ဝါကျရယ်လို့ပါရှိပုံ၊ အဲဒီဦးဆောင်ဝါကျဟာ တစ်ခါတလေ စာပိုဒ်ရဲ့အစ၊ တစ်ခါတလေ စာပိုဒ်ရဲ့နောက်ဆုံးဝါကျနဲ့ တစ်ခါတလေကျတော့ စာပိုဒ်ရဲ့အလယ်ကိုယ်ထည်ပိုင်းမှာထား ရေးလေ့ရှိကြောင်း ဥပမာနဲ့တကွ ကျနော်တို့ဆွေးနွေးခဲ့ကြပါတယ်။

ဒီကနေ့မှာတော့ စာပိုဒ် နှစ်ပိုဒ်သုံးပိုဒ်ရေးတဲ့အခါ ပထမစာပိုဒ်မှာသာ ပါရှိတဲ့ ပထမဆုံးဝါကျဖြစ်တဲ့ ဦးဆောင်ဝါကျရဲ့ အရှိန်သြစာဟာ ဒုတိယ တတိယစာပိုဒ်တွေအထိ သက်ရောက်နေတာမို့ အဲဒီ ဒုတိယ တတိယစာပိုဒ်တွေမှာ ဦးဆောင်ဝါကျ ပါရှိဖို့မလိုတာ ဦးဆောင်ဝါကျ မပါရှိဘဲရေးလို့ရတာမျိုးလည်း ရှိတဲ့အကြောင်း ဆက်ပြောချင်ပါတယ်။

ဆိုလိုတာကတော့ စာပိုဒ် သုံးပိုဒ်ရှိနေတဲ့အခါ ပထမစာပိုဒ်မှာ ပါရှိတဲ့ ဦးဆောင်ဝါကျကိုပဲ ကျန်ဒုတိယနဲ့ တတိယစာပိုဒ်တွေက ဆက်လက်ပံ့ပိုးပတ်သက်နေမယ်ဆိုရင် အဲဒီနောက်ထပ်စာပိုဒ်တွေမှာ နောက်ထပ်ဦးဆောင်ဝါကျတွေမပါဝင်တော့ပဲ ဦးဆောင်ဝါကျမဲ့ ရေးလို့ရတဲ့သဘောပြောချင်တာပါ။ ကဲ ဥပမာနဲ့ စဉ်းစားကြည့်ကြရအောင်ပါ။

ဒီကနေ့မနက် ငါးနာရီကတည်းက ကျွဲပွဲမြို့သူမြို့သားများသည် လူထုလမ်းလျှောက်ပွဲအတွက် လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွပြင်ဆင်နေကြသည်။ မြို့သားတချို့သည် အိပ်ရာမှထဖို့နှိုးဆော်သည့် ဓါတ်စက်သံမကြားရခင်ကတည်းက အိပ်ရာမှထကြသည်။ မျက်နှာသစ် သွားတိုက်ကာ အဝတ်အစားလဲကြသည်။

တချို့မြို့သူမြို့သားများသည် နှိုးဆော်သည့်ဓါတ်စက်သံကြားကာမှပင် ကမန်းကတန်းအိပ်ရာမှ ထကြသည်။ တအိမ်နှင့်တအိမ် မနိုးသေးသောသူများကို လှမ်းအော်ခေါ်ကာ နှိုးကြသူလည်းရှိသည်။ ဓါတ်စက်သံ လူသံများကြားမှပင် မျက်နှာသစ် အဝတ်အစားလဲကြသည်။

တချို့ကမူ နှိုးဆော်သည့် ဓါတ်စက်သံနှင့် ပြိုင်တူလိုပင် အိပ်ရာမှနိုးကြသည်။ ဓါတ်စက်ဖွင့်ရာ စုရပ်ကို အစောဆုံးရောက်လာကြသည်။ လူထုလမ်းလျှောက်ပွဲတွင် အလံငယ်ကလေးများ ကိုင်ဆွဲလမ်းလျှောက်ဖို့ရာ ပြန်ကြားရေးအဖွဲ့ထံမှ အလံငယ်များတောင်းကြသည်။ သူတို့အားလုံး တက်ကြွနေကြလေသည်။

အထက်ပါစာပိုဒ်သုံးပိုဒ်ကို လေ့လာကြည့်ပါ။ ပထမစာပိုဒ်တွင်သာ ဦးဆောင်ဝါကျတစ်ကြောင်းပါရှိပြီး ကျန်စာပိုဒ်နှစ်ပိုဒ်တွင် ဦးဆောင်ဝါကျမပါရှိသည်ကိုတွေ့ကြရမှာပါ။ ပထမစာပိုဒ်ရဲ့အစဦးဝါကျဖြစ်တဲ့ ဦးဆောင်ဝါကျ “ဒီကနေ့မနက် ငါးနာရီကတည်းက ကျွဲပွဲမြို့သူမြို့သားများသည် လူထုလမ်းလျှောက်ပွဲအတွက် လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွပြင်ဆင်နေကြသည်။”ဆိုတဲ့ဝါကျကိုပဲ ကျန်စာပိုဒ်နှစ်ပိုဒ်က အင်အားဖြည့်ပေးတဲ့သဘော ရေးထားတာတွေ့ကြရမှာပါ။ ပထမစာပိုဒ်မှာပါရှိတဲ့ အဲဒီဦးဆောင်ဝါကျရဲ့ဦးဆောင်မှုကိုပဲ ခံယူပြီးမှ ဆက်လက်ရေးသားတဲ့စာပိုဒ်တွေပဲဖြစ်တယ်လို့လည်းပြောနိုင်ပါတယ်။ ဒါကြောင့်မို့ အဲဒီနောက်ကလိုက်လာတဲ့စာပိုဒ်နှစ်ပိုဒ်မှာ ဦးဆောင်ဝါကျမပါရှိဘဲ ရေးလို့ရတာ တွေ့ကြရမှာပါ။

ပြန်ဆွေးနွေးကြည့်မယ်ဆိုရင် ကျနော်တို့ဟာ စာပိုဒ်တစ်ပုဒ်ချင်းစီမှာ ဦးဆောင်ဝါကျ ပါလေ့ရှိတာကို လေ့လာခဲ့ကြပါတယ်။ အဲဒီ ဦးဆောင်ဝါကျရဲ့အဓိပ္ပါယ်ကို ဆွေးနွေးခဲ့ကြပါတယ်။

 ဦးဆောင်ဝါကျဟာ တစ်ခါတလေ စာပိုဒ်ရဲ့ ဦးစွာပထမစာကြောင်းအဖြစ်နေရာယူတတ်ပြီး တစ်ခါတလေကြပြန်တော့လည်း စာပိုဒ်ရဲ့အလယ် တစ်ခါတလေ စာပိုဒ်ရဲ့နောက်ဆုံးစာကြောင်းအဖြစ်နေရာယူတတ်ကြတဲ့အကြောင်း ပြောခဲ့ကြပါတယ်။ တစ်ခါ ဦးဆောင်ဝါကျပါရှိတဲ့စာပိုဒ်ရဲ့နောက်ကလိုက်လာတဲ့ စာပိုဒ်တချို့ဟာ ပထမစာပိုဒ်မှာပါရှိတဲ့ ဦးဆောင်ဝါကျရဲ့ဦးဆောင်မှုကိုပံ့ပိုးတဲ့စာပိုဒ်တွေဖြစ်မယ်ဆိုရင်အဲဒီ နောက်ကလိုက်လာတဲ့ စာပိုဒ်တွေမှာ ဦးဆောင်ဝါကျမပါရှိပဲ ရေးလို့ရတယ်ဆိုတဲ့အကြောင်းကိုလည်း ပြောခဲ့ကြပါတယ်။ ဒါတွေဟာ ဦးဆောင်ဝါကျဆိုတာဘာလဲ၊ ဦးဆောင်ဝါကျကို ဘယ်နေရာမှာထားပြီးရေးကြရသလဲနဲ့ ဦးဆောင်ဝါကျရဲ့အရှိန်သြစာသက်ရောက်မှုဟာ စာပိုဒ်တစ်ပိုဒ်တည်းတွင်သာမက နောက်ထပ်စာပိုဒ်တချို့အထိ သြစာသက်ရောက်မှုရှိတတ်တာကိုလည်း ကျနော်တို့ဆွေးနွေးခဲ့ကြပါတယ်။

အခု ဆွေးနွေးမှာကတော့ ဦးဆောင်ဝါကျ လုံးဝမပါရှိဘဲ ရေးလို့ရတဲ့အကြောင်းဖြစ်ပါတယ်။ ရှေ့က ကျနော်တို့တောက်လျှောက်ပြောခဲ့ ဆွေးနွေးခဲ့ကြတာက စာပိုဒ်တွေမှာ ဦးဆောင်ဝါကျဆိုတာ ပါလေ့ရှိတဲ့အကြောင်းပါ။ အခုကျတော့ ဦးဆောင်ဝါကျမပါတဲ့ စာပိုဒ်ကြောင်းပါပဲ။

အောက်က စာပိုဒ်ကို လေ့လာကြည့်ပါ။ ဒီနေရာမှာတော့ ဆရာကြီးမောင်ခင်မင် ဥပမာပေးထားတဲ့စာပိုဒ်ကိုပဲ ကိုးကားလိုက်ပါတယ်။

လိမ္မော်သီးသည် မွှေးသောအနံ့ရှိ၏။ ချို၏။ စဉ်းငယ်ချဉ်၏။ နှုတ်ကိုမြိန်စေတတ်၏။ လေ သလိပ်ကိုနိုင်၏။ နှလုံးကို နှစ်သက်စေတတ်၏။ အော့အန်ခြင်း ကြို့ထိုးခြင်းကိုနိုင်၏။ သည်းခြေကို စဉ်းငယ် ပျက်စေတတ်၏။

ဒီစာပိုဒ်တစ်ခုလုံးဟာ လိမ္မော်သီးရဲ့ဂုဏ်ကို ဖေါ်ပြတဲ့စာပိုဒ်ပါပဲ။ ဒီစာပိုဒ်မှာပါရှိတဲ့ဝါကျတွေဟာ လိမ္မော်သီးရဲ့ဂုဏ်အသီးသီးကို ဖေါ်ကျူးတဲ့ ၀ါကျတွေချည်းပါပဲ။

၀ါကျတစ်ကြောင်းချင်းဟာ တစ်ကြောင်းနဲ့တစ်ကြောင်း သြစာသက်ရောက်မှာ အရေးပါမှုမှာ တန်းတူဖြစ်နေတဲ့ ၀ါကျတွေချည်းပဲဖြစ်နေတာ တွေ့ကြရမှာပါ။  စာပိုဒ်တစ်ခုလုံးဟာ လိမ္မော်သီးရဲ့ဂုဏ်ကို ဖါ်ကျူးတဲ့ တန်းတူဝါကျတွေနဲ့ချည်း ပါ့ရှိနေတာ တွေ့ကြရမှာပါ။ အဲဒီဝါကျတွေကြောင့်ပဲ လိမ္မော်သီးရဲ့ဂုဏ်ဟာ ပြည့်စုံလာရတာပါ။ လိမ္မော်သီးရဲ့ဂုဏ်သတ္တိဖြစ်တဲ့ အဓိက ဆိုလိုချက်ကို စာကြောင်းတစ်ကြောင်းတည်းနဲ့ ခြုံငုံဖေါ်ပြနိုင်တဲ့ဝါကျ သို့မဟုတ် ဦးဆောင်ဝါကျ မပါရှိတာ သတိပြုမိကြမှာပါ။ လိမ္မော်သီးရဲ့ဂုဏ်ကို အဲဒီစာပိုဒ်ထဲမှာပါတဲ့ ၀ါကျတစ်ကြောင်းချင်းစီက ကိုယ်စီကိုယ်ငှ ဖေါ်ပြပေးသွားတဲ့သဘော အဲဒီဝါကျတွေဟာ အသီးသီးအရေးပါမှု တန်းတူသဘောသက်ရောက်နေတာ တွေ့ကြရမှာပါ။ ဒါကြောင့်မို့ ဒီစာပိုဒ်ဟာ ဦးဆောင်ဝါကျမပါရှိတဲ့စာပိုဒ်ဖြစ်လာရတာပါပဲ။

ကဲ ဒီနေရာမှာပဲ ဒီကနေ့ရပ်ထားခွင့်ပြုပါ။ စကားပြေအရေးအသား နောက်ထပ်အကြောင်းအရာတွေကို နောက်နေ့တွေမှာ ဆက်သွားကြတာပေါ့။

လူငယ်များ စကားပြေအရေးအသား မှန်ကန်ကြွယ်ဝ လှပနိုင်ကြပါစေ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly