အဝါရောင်အပေါ်အကျႌဝတ် ဆန္ဒပြပွဲကို ပြင်သစ်ရဲက မျက်ရည်ယိုဓာတ်ငွေ့သုံး ဖြိုခွင်း၍ ပိုမိုပြင်းထန်လာ

အဝါရောင်အပေါ်အကျႌဝတ် ဆန္ဒပြပွဲကို ပြင်သစ်ရဲက မျက်ရည်ယိုဓာတ်ငွေ့သုံး ဖြိုခွင်း၍ ပိုမိုပြင်းထန်လာ

ပါရီ၊ ဒီဇင်ဘာ ၈ ။             ။ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ အစိုးရဆန့်ကျင်တဲ့ စွပ်ကျယ်ဝါဝတ် ဆန္ဒပြပွဲတွေဟာ သီတင်းသုံးပတ်မြောက်အထိ အသစ်တစ်ဖန် ထပ်မံပေါ်ပေါက်လာပါတယ်။

စနေနေ့မှာ ဖြစ်ပွားတဲ့ ရွှန်းမီလိစေးရိပ်သာလမ်းက ဒီဆန္ဒပြသမှုတွေမှာ ရဲနဲ့ ထိပ်တိုက်တွေ့ပြီး ဆန္ဒပြသူတွေ လူစုကွဲ နောက်ဆုတ်သွားအောင် မျက်ရည်ယိုဓာတ်ငွေ့တွေ သုံးပြီး ဖြိုခွင်းလာတာကို မြင်တွေ့ရပါတယ်။

သမ္မတ မက်ခရွန်ကို ဆန့်ကျင်တဲ့ ခု ဆန္ဒပြသမှုမှာ အင်အား ၁၅၀၀ နီးပါး ရှိမယ့်လို့ ရဲက ခန့်မှန်းထားပါတယ်။

ဆန္ဒပြပွဲ မတိုင်ခင်မှာ အဓိကရုဏ်းတွေ မဖြစ်ရေး ကြိုတင်တားဆီးတဲ့ အနေနဲ့ လူ ၃၀၀ နီးပါးကိုလည်း ရဲက ဖမ်းဆီးထားတာပါ။ ပါရီ တစ်မြို့လုံးလည်း ရပ်တန့်သွားပြီး လုံခြုံရေးတပ်လှန်ထားရပါတယ်။

ဒီကနေ့ စနေနေ့ အရုဏ်တက်ချိန်ကစပြီး ရွှန်းမီလိစေး ရိပ်သာလမ်းမကြီးမှာ သမ္မတ မက်ခရွန်ဟာ ချမ်းသာဖို့ တစ်ခုတည်းပဲ ကြည့်နေတယ်လို့ စွပ်စွဲကြတဲ့ ဆန္ဒပြသူ ဒါဇင်များစွာ စတင်စုရုံးလာကြတာ ဖြစ်ပါတယ်။

ဒီ ရိပ်သာလမ်းမကြီးမှာ ပြီးခဲ့တဲ့ စနေနေ့က ဆန္ဒပြအဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ရာမှာ ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံး ဆန္ဒပြအဓိကရုဏ်းတွေပဲ ဖြစ်ပါတယ်။

ပါရီမြို့လယ်ဆီကို အရပ်အသီးသီးကနေ လာကြပြီး ဆန္ဒပြကြတာ ဖြစ်တာကြောင့် လူတွေ လာရောက်ကြမယ့် ရထားဘူတာရုံတွေနဲ့ ဆန္ဒပြစုရပ်တွေမှာ စောင့်ကြည့်ဖို့ ရဲအင်အား ၈၀၀၀ နီးပါးကို ဖြန့်ကြက်ထားပါတယ်။

ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေက ဆူပူဆန္ဒပြမှုတွေမှာ ကားစီးရေ ၂၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ လောင်စာအခွန် တိုးကောက်ဖို့ လုပ်တာကနေ စခဲ့တဲ့ ဒီ စွပ်ကျယ်ဝါဝတ် ဆန္ဒပြသမှုတွေဟာ ပြင်သစ်နိုင်ငံနဲ့ မက်ခရွန်အစိုးရတို့အတွက် ရင်မအေးစရာ ဖြစ်နေပါတယ်။

အစိုးရက လောင်စာခွန် တိုးကောက်မယ့် အစီအစဉ်ကို ခြောက်လအထိ ဆိုင်းငံ့မယ်လို့ အင်္ဂါနေ့မှာ ကြေညာလိုက်ပေမယ့် အစိုးရကို မကျေနပ် ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေဟာ မငြိမ်းနိုင်ဘဲ ရှိနေတော့တာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required