မုံရွာမြို့တွင် ဆိတ်သား၊အမဲသားများကို စည်ပင်သတ်မှတ်စျေးနှုန်းထက် ကျော်လွန်ရောင်းချနေ

By ဘုန်းနိုင်ဖြိုး
08 December 2018
မုံရွာမြို့တွင် ဆိတ်သား၊အမဲသားများကို စည်ပင်သတ်မှတ်စျေးနှုန်းထက် ကျော်လွန်ရောင်းချနေ

ဒီဇင်ဘာ - ၈ ၊ မုံရွာ ။           ။ စစ်ကိုင်းတိုင်းဒေသကြီး ၊မုံရွာမြို့ရှိ အခွန်လွတ်စျေးများ၌ ရောင်းချနေသည့် ဆိတ်သား၊အမဲသားများကို မြို့နယ်စည်ပင်မှ သတ်မှတ်စျေးနှုန်းထက် ကျော်လွန်၍ရောင်းချနေကြောင်း စုံစမ်းသိရှိရသည်။

 မုံရွာမြို့နယ်စည်ပင်သာရေးကော်မတီအနေဖြင့် ဆိတ်သားတစ်ပိဿာလျှင် နှစ်သောင်းနှစ်ထောင်ကျပ်ဖြင့်သာ ရောင်းချရန် သတ်မှတ်ထားပြီး ရောင်းချသူများ အနေဖြင့် ဆိတ်သားတစ်ပိဿာကို သုံးသောင်းရှစ်ထောင်စျေး အထိ စျေးမြှင့်ရောင်းချနေခြင်း ဖြစ်သည်။ ထို့အပြင် အမဲသားတစ်ပိဿာလျှင် စည်ပင်မှ ကျပ်တစ်သောင်း လေးထောင်စျေးဖြင့်သာ ရောင်းချရန် သတ်မှတ်ထားသော်လည်း လက်တွေ့တွင် ကျပ် တစ်သောင်း ရှစ်ထောင် အထိ စျေးမြှင့်ရောင်းချနေကြောင်း သိရသည်။

“အသားရောင်းချတဲ့ စျေးသည်တွေက စည်ပင်ကသတ်မှတ်စျေးထက် ကျော်လွန်ရောင်းချတဲ့အတွက် ဝယ်စားသုံးသူတွေအနေနဲ့ နစ်နာတယ်။စျေးသည်တွေက သတ်မှတ်စျေးထက်ကျော်လွန်ရောင်းချတာကို သူတို့လေလံစွဲရတဲ့ စျေးနှုန်းမြင့်တက်တဲ့အတွက် စျေးတင်ရောင်းချတာဖြစ်နိုင်တယ်။ အခုရောင်းချနေတာကို မုံရွာစည်ပင်က စည်ပင်ဥပဒေနဲ့ အညီအရေးယူနိုင်ရမယ်" ဟု ဝယ်ယူစားသုံးသူတစ်ဦးက ဆိုသည်။

အသားရောင်းချသူများအနေဖြင့် သတ်မှတ်စျေးနှုန်းထက် ကျော်လွန်ရောင်းချရခြင်းသည် ကုန်ကြမ်းရှားပါးမှု၊ ဝယ်ယူရသည့် ကုန်ကြမ်းစျေးနှုန်းမြှင့်တက်မှု၊လုပ်သားခ စျေးကြီးမှုများကြောင့် သတ်မှတ်စျေးဖြင့် မရောင်း ချနိုင်ခြင်းဖြစ်ကြောင်း အသားရောင်းချသူများ ဆိုသည်။

 " ဆိတ်သားက စျေးကြီးလွန်းလို့ ဝယ်မစားနိုင်ပါဘူး။ အခုလို ၃သောင်းကျော်စျေးကတော့ ကျွန်တော်တို့လို အခြေခံလူတန်းစားတွေ ဝယ်စားနိုင်ဖို့ မလွယ်ပါဘူး။ ဆိတ်သားစားချင်လို့ စျေးချိုတဲ့ဟာဝယ်ပြန်တော့လည်း ဆိတ်သားအစစ်မဖြစ်နိုင်ဘူး။ ကျန်တဲ့သိုးသားတို့ အမဲသားတို့ ရောထားတာတွေပဲ နေမှာပါ"ဟု လယ်တီ အောင်ရိပ်သာရပ်ကွက်မှ ကိုလှမျိုးမှ ပြောသည်။

အဆိုပါစျေးများတွင် ဆိတ်သား၊အမဲသားများအပြင် အခြားသောအသားများကိုလည်း သတ်မှတ်စျေးနှုန်းထက် အနည်းငယ်စျေးမြှင့်၍ ရောင်းချမှုများ ရှိနေကြောင်း ထို့အပြင် တရားဝင်အသားရောင်းချမှုများ၌ အသားအတု များ ရောနှောရောင်းချမှုများလည်းရှိနေကြောင်း သိရသည်။

" အစ်မအသားက အရောအနှောလဲမပါဘူး။ ဆိတ်သားစစ်စစ်ပါပဲ။ အဲ့ဒါမို့ စျေးလျော့ပြီးမရောင်းနိုင်ပါဘူး။ စရောင်းကတည်းက ဒီစျေးပဲ။ အခုလိုတွေဖြစ်နေတာက ပြည်ပကိုတင်ပို့နေတဲ့ အသားစျေးကွက်ကို ထိန်းချုပ် နိုင်မှသာ ပြည်တွင်းကအသားကုန်ကြမ်း စျေးချိုပြီး ရောင်းချတဲ့ အသားစျေးတွေ ကျနိုင်မယ်"ဟု ဆိတ်သား ရောင်းချသူတစ်ဦးမှပြောသည်။

 မုံရွာမြို့နယ်စည်ပင်သာယာရေးကော်မတီအနေဖြင့် စျေးများအတွင်း အသားရောင်းချသော စျေးသည်များကို သတ်မှတ်နှုန်းထားထက် ကျော်လွန်၍မရောင်းချရန် တစ်ပတ်လျှင်တစ်ကြိမ် စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိပြီး စည်းကမ်းမလိုက်နာပါက ဖမ်းဆီးခြင်း လေလံသိမ်းခြင်းများ ပြုလုပ်ရန် စဉ်းစားနေကြောင်း သိရသည်။

 " ကျွန်တော်တို့သွားစစ်တဲ့ အချိန်ကျတော့ သတ်မှတ်စျေးနဲ့ရောင်းတယ်ပြောတယ်။ နောက်မှ လက်သိပ်ထိုးပြီး စျေးတင်ရောင်းတယ်။ စျေးနှုန်းမြှင့်ပြီး ရောင်းတယ်ဆိုတာသတင်းတွေ ကြားတယ်။ ဒါပေမဲ့အခုလိုတွေ ဖမ်းပြန်တော့ လေလံတွေသိမ်းတာတွေနဲ့ သူတို့ဘက်ကိုတော့ တစ်ချက်ပြန်ကြည့်ရတာပေါ့ " ဟု မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မျိုးဝင်းမှ ပြောသည်။

 မုံရွာမြို့တွင် ချင်းတွင်းရတနာစျေး၊ မြသလ္လာစျေးအပါအဝင် စျေးကြီး (၈)စျေးနှင့် ပျံကျအခွန်လွတ်စျေး (၅)စျေးရှိကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly