မြိတ်၌ လာမည့်နှစ်ဆန်းပိုင်းတွင် လျှပ်စစ် တစ်ယူနစ်လျှင် ကျပ် ၃၉၀ဖြင့် ဖြန့်ဝေပေးနိုင်ရန် စီစဉ်နေ

မြိတ်၌ လာမည့်နှစ်ဆန်းပိုင်းတွင် လျှပ်စစ် တစ်ယူနစ်လျှင် ကျပ် ၃၉၀ဖြင့် ဖြန့်ဝေပေးနိုင်ရန် စီစဉ်နေ

မြိတ်၊ ဒီဇင်ဘာ ၈ ။           ။ လျှပ်စစ်စျေးနှုန်း မြင့်မားစွာ အသုံးပြုနေရသည့် မြိတ်ဒေသတွင် လာမည့် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်း၌ တစ်ယူနစ် လျှင် ၃၉၀ နီးပါးဖြင့် ဖြန့်ဝေအသုံးပြုနိုင်ရန် ကြားကာလအနေဖြင့် မြိတ်အများပိုင်မှ စီစဉ်ပေးသွားမည် ဖြစ် ကြောင်း ဒီဇင်ဘာလ ၇ ရက်နေ့က ပြုလုပ်သော မီးလင်းရေးအဖွဲ့ အရေးပေါ်အစည်းအဝေးမှ သိရသည်။

စက်သုံးဆီ မြင့်စားနေ၍ မြိတ်မြို့တွင် လက်ရှိ လျှပ်စစ်မီး တစ်ယူနစ်ကို ၅၀၀ ကျပ်နီးပါးဖြင့် အသုံးပြုနေရပြီး၊ မြို့ခံများ၏ တောင်းဆိုချက်အရ စျေးနှုန်းလျှော့ချပေးရန်အတွက် မြိတ်အများပိုင်ကော်ပရေးရှင်းလီမိတက်နှင့် ပုဂ္ဂလိက မီးလင်းရေး ၉ ဖွဲ့ဖြင့် ဒီဇင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီ အချိန်တွင် ပြုလုပ်သော အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“မနေ့က အစည်းအဝေးမှာ ကျွန်တော်တို့ မြိတ်မီးလင်းရေး အဖွဲ့တွေနဲ့ မြိတ်အများနဲ့ လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းနဲ့ ပတ်သက််ပြီး၊ ဆွေးနွေးတဲ့ အခါမှာ အဓိကကတော့ မြိတ်ဒေသမှာ လျှပ််စစ်မီး တစ်ယူနစ်ကို ၄၀၀ ကျော် ၅၀၀ နီးပါးလောက်ကို အသုံးပြုနေရလို့ အဲ့ဒါကို ၀ိုင်းဝန်းပြီး ၁၀၀ လောက် ကျနိုင်အောင် ညှိုနှိုင်းတာ ဖြစ်ပါတယ်၊ ကျွန်တော်တို့ အများပိုင်ကလည်း (30 MW) Heavy Fuel Oil (HFO) ဖြင့် စီမံဆောင်ရွက်နေတဲ့ ကြားကာလမှာ အင်ဂျင်စက်နဲ့ အစားထိုးဖို့ ဖြစ်ပါတယ်၊ အဲ့ဒီတော့ မြိတ်မီးလင်းရေး အဖွဲ့တွေနဲ့ ညှိုနှိုင်းတော့  သဘောလက်ခံမှုရခဲ့တယ်”ဟု မြိတ်အများပိုင် မီးလင်းရေး တာဝန်ခံ ဦးမျိုးအောင်က ပြောသည်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်ရှိ မြို့နယ် ၄ မြို့နယ်၌ လျှပ်စစ်မီး တစ်ယူနစ်လျှင် မြို့နယ် အလိုက် ၅၀၀ မှ ၁၀၀၀ ကျပ် နီးပါးအထိ အသုံးပြုနေရခြင်း ဖြစ်သည်။

“လက်ရှိ ကျွန်တော်တို့ ပုဂ္ဂလိက မီးလင်းရေးအဖွဲ့တွေက ပေးနေတဲ့စျေးနှုန်းက များနေတော့ ပြည်သူတွေက စျေးနှုန်းသက်သာအောင် လိုတဲ့အခါ ကျတော့ အခုတာဝန်ယူပေးမဲ့ ကုမ္ပဏီက HFO နဲ့ လာဖို့ ရှိပါတယ်၊ ဒါပေမယ့် ပြည်သူတွေ ဒီထက် စျေးသက်သာအောင်ဆိုပြီး၊ ဘာလိုမျိုး လုပ်ကြရင်ကောင်းမလဲ ဆိုပြီး ဆွေးနွေးတဲ့ အခါမှာ အခု ကျွန်တော်တို့ ၉ ဖွဲ့ လုပ်နေတဲ့ ဟာသည်၊ အများကြီး မလျှော့နိုင်ဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ဒီဇယ်ဆီကို ပြန်ဝယ်ပြီး၊ စက်အမျိုးမျိုးနဲ့ ခုတ်မောင်း နေရတော့ ဒီထက် သက်သာအောင် ဆိုပြီး အများပိုင်က ၂၀% လျှော့ပြီး၊ ပေးဖို့ သဘာတူခဲ့ကြတယ်”လို့ ဖိုးသီးချို လျှပ်စစ်မီး ဖြန့်ဖြူးရေး မန်းနေဂျင်း ဒါရိုက်တာ ဦးဝင်းထိန်းက ပြောသည်။

မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိတက်မှ (30 MW) Heavy Fuel Oil (HFO) ဖြင့် စျေးနှုန်း သက်သာသည့် နှုန်းထားကို တစ်မြို့လုံး ဖြန့်ဝေပေးမည်ဟု စီစဉ်နေပြီး၊ ၂၀၁၉ ခုနှစ်၊ မေလဝန်းကျင်မှသာ စတင်ပေးဝေနိုင်မည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly