၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆုများချီးမြှင့်

By မျိုးထွန်းနိုင်
08 December 2018
၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆုများချီးမြှင့်
ဓာတ်ပုံ ဦးကြည်ဝင်း ( လောကအမွန်)

ရန်ကုန်၊ဒီဇင်ဘာ ၈ ။          ။ ၂၀၁ရခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနဲ့ စာပေဗိမာန်စာမူဆုများ ချီးမြှင့်ခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၈ရက် မနက်ပိုင်းက ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသား ဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါအခမ်းအနားမှာ ၂၀၁ရခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု နှစ်ဆုနဲ့အတူ အမျိုးသား စာပေဆု ၁၁ ဆုနဲ့ စာပေဗိမာန် စာမူဆု ၂၅ ဆုတို့ကိုချီးမြှင့်ခဲ့ပြီး တစ်သက်တာစာပေဆုတွေကိုတော့ စာရေးဆရာ ဖိုးကျော့နဲ့ ရှေးဟောင်းစာပေသုတေသီ ဦးထွန်းရီတို့က ရရှိခဲ့ကြပါတယ်။

၂၀၁ရခုနှစ်အတွက် ကဗျာဆရာပေါင်းချုပ်ဆုကို အင်းဝသို့ ရင်ခုန်ခြင်း ကဗျာစာအုပ်နဲ့ စာရေးဆရာမ မနီတာကရရှိခဲ့သလို စာရေးဆရာမ စံပယ်ဖြူနုက ကလေးစာပေဆုကို ပါလေရာအယ်နီ စာအုပ်နဲ့ ရရှိခဲ့ပါတယ်။ဝတ္ထုရှည်ဆုကိုတော့ မြန်မာပြည်အပြင်ဘက်ဆိုတဲ့ စာအုပ်နဲ့ လူခါးက ရရှိပြီး ရသစာတမ်းဆုကိုတော့ မောင်ရင့်မာ ကျောင်းကုန်းက နွေနှောင်းညတစ်ည၌ လရောင်နှင့် လေညင်းကို တွေ့ရှိခြင်းစာအုပ်နဲ့ ရရှိခဲ့ပါတယ်။ ဒါ့အပြင် စာပဒေသာဆုကို တင်ညွှန့်က ကျောင်းဆရာမှတ်တမ်းစာအုပ်နဲ့ လည်းကောင်း ဝတ္ထုတိုပေါင်းချုပ်ဆုကို တင့်ဇော်က အရသာမတူသော ပန်းသီးများစာအုပ်နဲ့လည်းကောင်း ဘာသာပြန်(ရသ)ဆုကို တင့်ဇော်က အာရှ ဝတ္ထုတိုများစာအုပ်နဲ့လည်းကောင်း ဘာသာပြန် (သုတ)ဆုကိုတော့ လင်းထက်ဆွေက ဟိမဝန္တာခရီးသည်၏ ဆေးဘုရားရှာတော်ပုံစာအုပ်တို့နဲ့ ရရှိခဲ့ပါတယ်။

၂၀၁ရခုနှစ်အတွက် သုတပဒေသာ(ဝိဇ္ဇာ)ဆုကိုတော့ ပြည်သူဗဟိုပြု ဝန်ဆောင်မှုများဆီသို့ စာအုပ်နဲ့ ဆင်ဖြူ ကျွန်း သန်းထွန်းက ရရှိပြီး နိုင်ငံရေးစာပေဆုကိုတော့ မြောက်ဦးစစ်တမ်းစာအုပ်နဲ့ မောင်မောင်စိုးက လည်းကောင်း အင်္ဂလိပ်ဘာသာသုတဆုကိုတော့ စာရေးဆရာမ ဒေါက်တာခင်လက်ျာက Burma's Fate စာအုပ်နဲ့ ရရှိသွားပါတယ်။

အမျိုးသားစာပေဆုကို ယခင်က ကျပ်သုံးသိန်းချီးမြှင့်ခဲ့ရာမှ ၂၀၁၁ခုနှစ်တွင် ကျပ် ငါးသိန်းအထိ လည်းကောင်း ၂၀၁၂ခုနှစ်တွင် ကျပ် ၁၀ သိန်းအထိလည်းကောင်း ၂၀၁၃ ခုနှစ်တွင် ကျပ် ၁၅သိန်းအထိလည်းကောင်း တိုးမြှင့် ချီးမြင့်ခဲ့ပြီး ယခုနှစ်တွင် ကျပ် ၂၅သိန်းအထိ တိုးမြင့်ခဲ့ခြင်းဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly