မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သံဃာအပါး တစ်ထောင်ကျော်ကို သမ္မတဟောင်း ဦးသိန်းစိန် ဆွမ်းကပ်

မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သံဃာအပါး တစ်ထောင်ကျော်ကို သမ္မတဟောင်း ဦးသိန်းစိန် ဆွမ်းကပ်

မန္တလေး၊ဒီဇင်ဘာ ၈ ။           ။ နိုင်ငံတော်သမ္မတဟောင်းဦးသိန်းစိန်နှင့်မိသားစုသည် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ မဟာဂန္ဓာရုံကျောင်း တိုက်တွင်သီတင်းသုံးနေထိုင်တော်မူသော သံဃားတော်အပါး တစ်ထောင်ကျော်ကို အာရုံဆွမ်းနှင့်နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတဟောင်းသည် မဟာဂန္ဓာရုံကျောင်းတိုက်၏ မဟာနာယကချုပ်ဆရာတော် အဘိဓဇမဟာရဋ္ဌ ဂုရု နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသ အမှူးရှိသော သံဃာတော်အပါး(၁၀၀၀)ကျော်ကို ဒီဇင်ဘာလ ၈ ရက်၊နံနက် ၅ နာရီ၊၃ဝမိနစ်နှင့်၁ဝနာရီ ၃ဝမိနစ်တို့တွင် အာရုံဆွမ်းနှင့် နေ့ဆွမ်းဆက်ကပ်ခဲ့ကြပြီး လှူဖွယ်ပစ္စည်းတို့ကိုလည်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ထိုသို့ဆက်ကပ်လှူဒါန်းအပြီးတွင် မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ ဒက္ခိဏာရာမ ဘုရားကြီးတိုက်၊ အတု လကာရီ ဆင်မင်းကျောင်းတွင် သီတင်းသုံးနေထိုင်တော်မူသော နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ သြဘာသာဘိဝံသကိုလည်း သွားရောက်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြောင်းသိရသည်။

အဆိုပါသွားရောက် လှူဒါန်းမှုများတွင် နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်၊မိသားစုနှင့်အတူ ၊ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံဦးရဲမြင့်၊မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးဝင်းမောင်၊တိုင်းဒေသကြီးပါတီ အတွင်း ရေးမှူးဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊မန္တလေးခရိုင်နှင့်မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ လိုက်ပါခဲ့ကြောင်းသိရသည်။

ဦးသိန်းစိန်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်တွင် ၂၀၁ဝခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိအချိန်တွင် သာမန်ပြည်သူတစ်ယောက်အနေဖြင့်သာရပ်တည်၍ လယ်သမား အဖြစ်ဘဝကို ရပ်တည်နေကြောင်း ပြည်တွင်းရှိ အင်တာဗျူးတစ်ခုတွင် ဖြေကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required