သမီးရည်းစားနှစ်ဦး ချိန်းတွေ့နေစဉ် အမည်မသိလူတစ်စုမှ ဓားထောက်၍ ခြိမ်းခြောက်လုယက်မှု ဖြစ်ပွား

သမီးရည်းစားနှစ်ဦး ချိန်းတွေ့နေစဉ် အမည်မသိလူတစ်စုမှ ဓားထောက်၍ ခြိမ်းခြောက်လုယက်မှု ဖြစ်ပွား

စစ်ကိုင်း၊ဒီဇင်ဘာ ၇ ။             ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက် ကမ်းနားလမ်း၊ ငုဝါလမ်းထိပ်တွင် ဒီဇင်ဘာ ၆ ရက်၊ ည ၉ နာရီအချိန်၌ ချိ်န်းတွေ့နေသည့် သမီးရည်းစားနှစ်ဦးနှင့် အဖော်လိုက်ပေးသော အမျိုးသမီးတစ်ဦးကို နှာခေါင်း စည်းများဖြင့် အမည်မသိ အမျိုးသား(၇)ဦးက ရောက်ရှိလာပြီး ဓားထောက်ခြိမ်းခြောက်ကာ ဖုန်းသုံးလုံး နှင့် ငွေ(၄၅၀၀)ကျပ်ကို လုယူမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ထို့နောက် အမည်မသိ အမျိုးသား (၇)ဦးမှ ၄င်းတို့(၃)ဦးကို ကမ်းနားလမ်းအတိုင်း ဆည်ပေါက်တွဲဘက်သို့ ဆိုင်ကယ်များနှင့်ခေါ်ဆောင်သွားပြီး မီးမှောင်သည့် နေရာအရောက်တွင် ဆိုင်ကယ်များရပ်ကာ အမျိုးသား (၇)ဦးထဲမှ (၃)ဦးသည် သမီးရည်းစားအတွဲထဲမှ အမျိုးသားကို ဒူးထောက်ခိုင်းကာ ခြေထောက်နဲ့ဆောင့်ကန်ပြီး အသင့်ယူဆောင်လာသော ဓားဖြင့်ထိုးခဲ့သောကြောင့် ၄င်းအမျိုးသားတွင် နှာခေါင်း၌ ဓားဒဏ်ရာ၊ ဝဲလက်မောင်း နာကျင်ဒဏ်ရာနှင့် အောက်နှုတ်ခမ်း ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

"တရားခံကို စုံစမ်းနေဆဲဖြစ်တဲ့ ဖြစ်တဲ့အတွက် ဒီမှုနဲ့ ပက်သက်ပြီး အသေးစိတ်မဖြေကြားနိုင်သေးပါဘူး။ တရားခံအမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေပါတယ် "ဟု မုံရွာမြို့မရဲစခန်း ယာယီရဲစခန်းမှူး ဒုရဲမှူး ထွန်းနိုင်ဦးမှမဇ္ဈိမသို့ ပြောသည်။

အဆိုပါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ အမည်မသိ အမျိုးသား (၇)ဦးအား မုံရွာမြို့မရဲစခန်း (ပ)၁၈၀၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ- ၃၈၆/၃၄ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ယခုနှစ်အတွင်း မုံရွာမြို့၌ ယင်းသို့ ဖြစ်ပွားမှုသည် ပထမဆုံးအကြိမ်ဖြစ်ပွားခြင်းဖြစ်ပြီး ယခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့မှစတင်၍ ထောင်ဒဏ် (၆)လအထိကျခံနိုင်သည့် ဒေသန္တာရအမိန့် (၂)ကို ထုတ်ပြန်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly