လူကုန်ကူးခံရပြီး တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရသူ မြန်မာအမျိုးသမီး ၇,၅၀၀ ခန့် ရှိဟု သုတေသန စစ်တမ်းတစ်ရပ်မှာ ဖော်ပြ

လူကုန်ကူးခံရပြီး တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရသူ မြန်မာအမျိုးသမီး ၇,၅၀၀ ခန့် ရှိဟု သုတေသန စစ်တမ်းတစ်ရပ်မှာ ဖော်ပြ

ဒီဇင်ဘာ ၇ ။           ။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသရှိ အမျိုးသမီး၊ မိန်းကလေးငယ် ထောင်ပေါင်းများစွာနဲ့ချီ တရုတ်ကို လူကုန်ကူးခံရပြီး တရုတ် ဇနီးမယားအဖြစ် အတင်းအကျပ် ရောင်းစားခံထားရတာကို လေ့လာတွေ့ရှိထားရကြောင်း လေ့လာချက်စစ်တမ်းတစ်စောင်မှာ ဖော်ပြထားပါတယ်။

Johns Hopkins Bloomberg School of Public Health စာသင်ကျောင်းကနေ လုပ်ဆောင်ခဲ့တဲ့ သုတေသန စစ်တမ်းတစ်ရပ်အရ ဆိုရင် ပဋိပက္ခစစ်ပွဲတွေ ရှိခဲ့တဲ့ ကချင်နဲ့ ရှမ်းပြည်နယ်တို့က အမျိုးသမီး  ၇,၅၀၀ လောက်ဟာ တရုတ် ဇနီးမယားအဖြစ် အတင်းအကျပ် ရောင်းစားခံရထားခဲ့ရကြောင်း ခန့်မှန်းသွားခဲ့ပါတယ်။

လူကုန်ကူးခံရမှုတွေကနေ ထွက်ပြေးလွတ်မြောက်လာသူတွေ၊ နိုင်ငံကို ပြန်လာသူတွေ၊ တရုတ်မှာပဲ ဆက်ရှိနေသူတွေအများအပြားကို တွေ့ဆုံမေးမြန်းထားမှုတွေအပေါ် အခြေခံထုတ်ပြန်ခဲ့တဲ့ ယခု လေ့လာချက်အရ ဆိုရင် လူကုန်ကူးခံရသူ၊ တရုတ်ဇနီးမယားဖြစ်ခဲ့သူ အမျိုးသမီးအများစုဟာ ၎င်းတို့ရဲ့ ခင်ပွန်းတွေအတွက် ကလေး လွယ်ပေးဖို့ပါ အတင်းအကျပ် ဖိအားပေးခံခဲ့ရတယ်လို့ သိရပါတယ်။

" မြန်မာအမျိုးသမီးတွေ နိုင်ငံကနေ ထွက်ခွာသွားကြတယ်၊ ဘာလို့ ဆိုတော့ စစ်ပွဲ၊ နေရပ်စွန့်ခွာရမှု၊ ဆင်းရဲနွမ်းပါးမှုတွေ ကြောင့်ပါ" ဆိုပြီး ယင်း သုတေသန အစီရင်ခံစာကို ရေးသားခဲ့သူ တစ်ဦးဖြစ်တဲ့ W.Courtland Robinson က ပြောပါတယ်။

တရုတ်မှာ ကျား-မ ဦးရေ မညီမျှခြင်းကြောင့်လည်း အထူးသဖြင့် ကျေးလက်ဧရိယာတွေမှာ ဇနီးမယား လိုအပ်ချက်က အင်မတန် မြင့်မားနေခဲ့တယ်လို့ သိရပါတယ်။

တရုတ်ကို သုံးကြိမ်အထိ လူကုန်ကူးခံရသူ အမျိုးသမီးတစ်ယောက်ရဲ့ ပြန်လည်ပြောဆိုချက်အရ ဆိုရင် သူမ တရုတ်ကို အပို့ခံရတဲ့ သုံးကြိမ်စလုံး ကလေး မွေးပေးဖို့ တောင်းဆိုဖိအားပေးခံရတယ်လို့ ပြောခဲ့ကြောင်း ထိုင်းနိုင်ငံရှိ ကချင်အမျိုးသမီးများ အစည်းအရုံးက Moon Nay Li က ပြောသွားပါတယ်။

တရုတ်အမျိုးသားတွေနဲ့ လက်ထပ်မှုတွေကိုတော့ တစ်ခါတစ်ရံမှာ အမျိုးသမီးတွေရဲ့ မိသားစုဝင်တွေကိုယ်တိုင်နဲ့ ကျေးရွာအကြီးအကဲတွေက စီစဉ် ညှိနှိုင်းလုပ်ဆောင်တာဖြစ်ပြီး သတို့သမီးဖြစ်မယ့်သူတွေကတော့ ငြင်းဆန်နိုင်စွမ်းတောင် မရှိရှာကြဘူးလို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required