ဖေ့ဘွတ်ခ်တွင် ပျံ့နှံ့လာပြီးနောက်မှ တိုင်းဥပဒေချုပ်ဟောင်းတို့အား စစ်ဆေးအရေးယူခဲ့ခြင်းဟု တရားလို ထွက်ဆို

ဖေ့ဘွတ်ခ်တွင် ပျံ့နှံ့လာပြီးနောက်မှ တိုင်းဥပဒေချုပ်ဟောင်းတို့အား စစ်ဆေးအရေးယူခဲ့ခြင်းဟု တရားလို ထွက်ဆို
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ ဒီဇင်ဘာလ ၇ ။         ။ အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးခံထားရသော တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးအပါအဝင် ၆ ဦးကို ဖေ့ဘွတ်ခ် စာမျက်နှာများတွင် ဝေဖန်ရေးသားမှုများ များပြားလာရာမှ စစ်ဆေးအရေးယူခဲ့ခြင်းဖြစ်ကြောင်း တရားလိုဖြစ်သူ အဂတိလိုက်စားတိုက်ဖျက်ရေးကော်မရှင်မှ လက်ထောက်ညွှန်ကြားရေးမှူး  ဦးမိုးနိုင်က ထွက်ဆိုခဲ့သည်။

ယနေ့ ဒီဇင်ဘာလ ၇ ရက်၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ဦးဟန်ထူးအပါအဝင် ၅ ဦးကို ၁၂ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်သူ ဦးမိုးနိုင်အား ဆက်လက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အောင်ရဲထွေး သေဆုံးခဲ့သည့်အမှုတွင် ဖမ်းဆီးခံထားရသော သန်းထွဋ်အောင် အပါအဝင် ၃ ဦးအား ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှ အမှုစစ်တရားသူကြီးက အမှုမှ လွတ်ပေးခဲ့ပြီးနောက် ၎င်းတို့ ၃ ဦး စင်ကာပူနိုင်ငံသို့ ထွက်သွားခဲ့သည်ဟု လူမှုကွန်ရက်တွင် ပျံ့နှံ့နေခဲ့သည်။

ထိုသို့ သွားရောက်နေစဉ် အမှုမှ စွပ်စွဲခံရသူ ၃ ဦးအား လွှတ်ပေးခဲ့ခြင်းအပေါ် ဖေ့ဘွတ်ခ်စာမျက်နှာများတွင် ဝေဖန်မှုများပျံ့နှံ့ခဲ့ခြင်းဖြစ်ကြောင်း၊ အွန်လိုင်းမီဒီယာနှင့် အသံလွှင့်ဌာနများ၏ ထုတ်လွှင့်ချက်များတွင်လည်း တာဝန်ရှိသူများက လာဘ်ပေးလာဘ်ယူကာ သန်းထွဋ်အောင်အပါအဝင် ၃ ဦးကို လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့်ပေါ်ထွက်လာခဲ့ပြီးနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် လေ့လာမှု များပြုလုပ်ကာ ကျော်စောသတင်းအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟု ဦးမိုးနိုင်က ထွက်ဆိုခဲ့သည်။

ကျော်စောသတင်းအဖြစ်သတ်မှတ်ပြီးနောက် ၂ လခန့်အထိ အချိန်ယူကာ အမှုနှင့်သက်ဆိုင်သည့် ၆၁ ဦး အထိ စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ စစ်ဆေးခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဟောင်း ဦးဟန်ထူး၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေ အရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်နှင့် ရွှေပေါက္ကံ နယ်မြေစခန်းမှူး (ယခင် သုဝဏ္ဏ နယ်မြေစခန်းမှူး) ရဲအုပ်ချစ်ကိုကိုတို့ ၆ ဦးမှာ အောင်ရဲထွေးအမှုနှင့်ပတ်သက်ပြီး လာဘ်စားထားကြောင်း အသေးစိတ်ပေါ်ထွက်လာခြင်းဖြစ်ကြောင်း ဦးမိုးနိုင်ထွက်ဆိုချက်အရ သိရသည်။

လာဘ်စားထားကြောင်း ပေါ်ထွက်လာပြီးနောက် အရေးယူနိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ရုံး၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးများသို့ ကော်မရှင်နေဖြင့်  တင်ပြစာများ ပေးပို့ခဲ့ပြီး ခွင့်ပြုမိန့်ရလာပြီးနောက် ဦးဟန်ထူးအပါအဝင် ၆ ဦးကို ဖမ်းဆီးရန် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများသို့ လွှဲအပ်လိုက်ခြင်းဖြစ်ကြောင်း တရားလိုဖြစ်သူ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ လက်ထောက်ညွှန်ကြားရေးမှူး  ဦးမိုးနိုင်က ထွက်ဆိုခဲ့သည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး ဆက်လက်စစ်ဆေးရန်အတွက် ရန်ကုန်တိုင်းတရားလွှတ်တော်မှ လာမည့် ဒီဇင်ဘာလ ၁၄ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly