လူငယ်နဲ့စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့စကားပြေအရေးအသား အမှားပြဿနာ

ကဲဒီကနေ့တော့ အချိန်အတော်ကြာရပ်ထားခဲ့ရတဲ့ စကားပြေအကြောင်းရာဘက် သွားကြဖို့ရှိပါတယ်။

စကားပြေအကြောင်းအရာကို စနစ်တကျပြန်လည်မစဉ်းစားခင် ဒီရက်များအတွင်း စကားပြေအရေးအသားအမှားနဲ့ ပတ်သက်ပြီး အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အနည်းငယ်ပွဲစည်စေခဲ့တဲ့ စကားပြေအရေးအသားအမှားအယွင်းတချို့အကြောင်း အလျဉ်းသင့်တုန်း စပြီးပြောပြချင်ပါသေးတယ်။

ပြီးခဲ့တဲ့လထဲက နိုင်ငံတော်သမ္မကြီးဟာ မြို့တမြို့ကိုရောက်လာပါတယ်။ အဲဒီမြို့ကိုရောက်လာတဲ့ နိုင်ငံတော်သမ္မတကြီးအကြောင်းရေးတဲ့သတင်းတစ်ပုဒ်မှာ သတင်းခေါင်းစဉ်ကို အခုလိုရေးထားတာ မီဒီယာတစ်ခုမှာ ကျနော်တို့ဖတ်ခဲ့ကြရပါတယ်။

“ နိုင်ငံတော်သမ္မတကြီး မဏ္ဍပ်ကြီးသုံးရပ်ကို ခေါ်ယူတွေ့ဆုံဆွေးနွေး” ဒီခေါင်းစဉ် ဒီဝါကျမှာ ဘာမှားနေတယ်လို့ထင်ပါသလဲ။ ဘယ်နေရာမှာ ဘယ်လိုမှားနေပါသလဲ။ သေသေချာချာဖတ်ကြည့်စေချင်ပါတယ်။

စကားပြေရေးကြတဲ့အခါ ကျနော်တို့ခဏခဏပြောခဲ့တာရှိပါတယ်။ ၀ါကျတစ်ကြောင်းရေးပြီဆိုရင် အခြေခံအားဖြင့် အရေးကြီးလှတဲ့ အစိတ်အပိုင်းတွေကို အထူးဂရုပြုကြရမယ်ဆိုတဲ့အချက်ကို ကျနော်တို့ခဏခဏ ပြောခဲ့ကြပါတယ်။ အဲဒါကတော့ စကားလုံးပေါင်းသတ်ပုံကိစ္စပါပဲ။

အခု ကျနော် ဥပမာပေးပြောခဲ့တဲ့ “ နိုင်ငံတော်သမ္မတကြီး မဏ္ဍပ်ကြီးသုံးရပ်ကို ခေါ်ယူတွေ့ဆုံဆွေးနွေး” ဆိုတဲ့စာကြောင်းမှာ “မဏ္ဍပ်ကြီးသုံးရပ်” ဆိုတဲ့စကားစုပါပါတယ်။ အမှန်က သမ္မတကြီးက မဏ္ဍိုင်ကြီးသုံးရပ်(မဏ္ဍိုင်)ကို ခေါ်ယူတွေ့ဆုံတဲ့သတင်းပါပဲ။ ဒီနေရာမှာ “မဏ္ဍိုင် ကို မဏ္ဍပ်”လို့ မှားရေးလိုက်တဲ့အခါ အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တော်တော်လေး ထောက်ပြစရာ လှောင်ပြောင်စရာ အမှားဖြစ်ခဲ့ပါတယ်။ ဒီအမှားက သာမာန်အမှားတောင်မှမဟုတ်ဘဲ အဓိပ္ပါယ်ပါ ကပြောင်းကပြန်ဖြစ်အောင် မှားလိုက်တဲ့အမှားဖြစ်တာမို့ တခြားစာလုံးပေါင်းအမှားတွေထက်ပိုပြီး အများပြောစရာ အများလှောင်ပြောင်စရာအမှားဖြစ်ခဲ့ပါတယ်။

နောက်ထပ် ကျနော်တို့ သင်ခန်းစာယူစရာ ၀ါကျတစ်ခုဘက် ဆက်သွားကြရအောင်။ ဒါလည်း သတင်းခေါင်းစဉ်တစ်ခုပဲဖြစ်ပါတယ်။

“ အာစီယံတွင် မြန်မာအိတ်ချ်အိုင်ဗီပိုး ကူးစက်ခံရမှုအများဆုံးအဆင့် ၄ ချိတ် ” ဒီသတင်းခေါင်းစဉ်အရဆိုရင် အိတ်ချ်အိုင်ဗီရောဂါသစ်တစ်ခုတိုးလာတဲ့သဘောဖြစ်သွားတာ တွေ့ကြရမှာပါ။ နောက်ထပ်တိုးလာတဲ့ အိတ်ချ်အိုင်ဗီပိုးရဲ့အမည်က “မြန်မာအိတ်ချ်အိုင်ဗီပိုး” သဘောဖြစ်သွားတာ တွေ့ကြရမှာပါ။

ဒီဝါကျမှာ ချို့ယွင်းချက် နှစ်ခုရှိပါတယ်။ တစ်ခုက နောက်ဆက်ကို မှန်ကန်ပြည့်စုံစွာ မထည့်မိတဲ့ချို့ယွင်းချက်ပါပဲ။ အမှန်က “ အာစီယံတွင် မြန်မာ(က)အိတ်ချ်အိုင်ဗီပိုး ကူးစက်ခံရမှုအများဆုံးအဆင့် ၄ ချိတ် ”လို့ရေးရမှာဖြစ်ပါတယ်။ (က) ဆိုတဲ့ နောက်ဆက်(ပုဒ်ဆက်) ထည့်ရေးရမှာပါ။ ဒါဆိုရင် ရှင်းပါတယ်။ နောက်တစ်ခု ချို့ယွင်းချက်ကတော့ ပုဒ်အထားအသိုအမှားပါပဲ။

“ အာစီယံတွင် မြန်မာအိတ်ချ်အိုင်ဗီပိုး ကူးစက်ခံရမှုအများဆုံးအဆင့် ၄ ချိတ် ” ဆိုတဲ့စာကြောင်းမှာ သက်ဆိုင်ရာပုဒ်အချင်းချင်းနီးကပ်စွာထား မရေးလို့ အဓိပ္ပါယ်ချို့ယွင်းသွားတာတွေ့ကြရပါတယ်။ အမှန်က ….၊

“ မြန်မာက အာစီယံတွင် အိတ်ချ်အိုင်ဗီပိုးကူးစက်ခံရမှုအများဆုံး အဆင့် ၄ ချိတ် ” သို့မဟုတ် “ အာစီယံတွင် အိတ်ချ်အိုင်ဗီပိုးကူးစက်ခံရမှုအများဆုံး မြန်မာအဆင့် ၄ ချိတ် ” လို့ရေးရမှာဖြစ်ပါတယ်။ ဦးစားပေးအကြောင်းအရာအပေါ်မူတည်ပြီး သက်ဆိုင်ရာပုဒ်အချင်းချင်း နိီးကပ်စွာထား ရေးကြရမှာပါ။

နောက်တစ်ခုထပ်ပြီး ပြောပြချင်ပါသေးတယ်။

“ပုသိမ်မှာ တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်လုပ်ဆောင်မှုများအား ဆန့်ကျင်သည်” ဆိုတဲ့စာတန်းပါဆိုင်းပုတ်ကိုကိုင်ပြီး ဆန္ဒထုတ်ဖေါ်တဲ့ကိစ္စကလည်း လူပြောတော်တော်များခဲ့ပါသေးတယ်။ အမှန်က ပုသိမ်မှာပြုလုပ်တဲ့ အဲဒီဆန္ဒထုတ်ဖေါ်ပွဲဆိုတာက တပ်မတော်ကို ထောက်ခံတယ်ဆိုပြီးပြုလုပ်တဲ့ပွဲဖြစ်ပါတယ်။ ဒါပေမယ့် စကားပြေအရေးအသားမှားနေတော့ တပ်မတော်ကိုထောက်ခံရာမရောက်ဘဲ ဆန့်ကျင်တဲ့အဓိပ္ပါယ်ဖြစ်သွားစေတာမျိုးနဲ့ တပ်မတော်ကိုယ်တိုင်က ပြည်ပစွက်ဖက်မှုအလုပ် လုပ်ကိုင်နေတဲ့သဘော သက်ရောက်သွားစေတာ တွေ့ကြရမှာပါ။ ဒါကတော့ ပုဒ်ဆက်အမှားပြဿနာပါပဲ။

ဒါတွေကတော့ ကျနော်တို့တတွေအတွက် အင်မတန်အသုံးဝင်တဲ့ စကားပြေအရေးအသားအမှားတချို့ကို ပြောပြလိုက်တာပါ။ မည်သူမဆို မှားတတ်တဲ့အမှားဖြစ်တာမို့ သတိထားဂရုပြုပြီး ရေးကြဖို့ လက်တွေ့ဥပမာနဲ့ဆွေးနွေးလိုက်တဲ့သဘောပါပဲ။
ကဲ မူလ ကျနော်တို့ အဓိကထားပြောလာခဲ့တဲ့ စကားပြေအရေးအသားဘက် ဆက်ပြီးသွားကြရအောပါ။

စာပိုဒ်တစ်ပိုဒ်မှာ ဦးဆောင်ဝါကျလို့ခေါ်ဆိုရမယ့် ၀ါကျဆိုတာရှိပါတယ်။ အဲဒီဝါကျကို တစ်ခါတလေ စာပိုဒ်ရဲ့အစ၊ တစ်ခါတလေ စာပိုဒ်ရဲ့အဆုံးနေရာတွေမှာ ထားသိုရေးသားကြလေ့ရှိတဲ့အကြောင်း ကျနော်တို့ဆွေးနွေးခဲ့ပြီးပါပြီ။ ဒီကနေ့တော့ အဲဒီ ဦးဆောင်ဝါကျကို စာပိုဒ်ရဲ့အလယ်မှာထား ရေသားလေ့ရှိတာကို ပြောကြည့်ကြရအောင်ပါ။ အောက်ပါ စာပိုဒ်ကို လေ့လာကြည့်ပါ။

“လောကမှာ ကျားရယ် မရယ်ဆိုပြီး ကျားနဲ့မ ဒွန်တွဲထားတဲ့ သက်ရှိကမ္ဘာရယ်လို့ရှိပါတယ်။ သက်ရှိလောကကြီး ဆက်လက်တိုးပွားတည်တန့်ဖို့ဆိုရင် လောကမှာ ကျားကောမကော ရှိမှဖြစ်မှာပါ။ ကျားသာရှိပြီး မ မရှိတဲ့အဖြစ်မျိုး၊ မသာရှိပြီး ကျားမရှိတဲ့ကမ္ဘာကြီးဖြစ်ခဲ့ရင်လည်း သက်ရှိကမ္ဘာကြီး ဘယ်နည်းနဲ့မှ ဆက်လက်ရပ်တည်လို့မဖြစ်နိုင်ပါဘူး။ သက်ရှိကမ္ဘာကြီး ဖြစ်တည်ရေးဟာ ကျားကောမကော  အဓိကကျတဲ့အခြေခံလိုအပ်ချက်ကြီးပါပဲ။ ကျားမ ကွဲပြားပင်ကွဲပြားသော်ငြားလည်း အရေးပါမှုက တန်းတူဖြစ်ပါတယ်။ ကျားမ အခွင့်အရေးတန်းတူ ဖြစ်မှုဟာ အင်မတန်လိုအပ်တဲ့ အချက်ပါပဲ။ ကျားမ လိင်ကွဲပြားမှုဟာ ကျားမတန်းတူရေးကို မထိခိုက်သင့်ပါဘူး။ အလုပ်တာဝန် ခွဲခြားလုပ်ကိုင်ကြရခြင်း၊ နေထိုင်မှုကွဲပြားခြင်းနဲ့ ပုံသဏ္ဍာန်ကွဲပြားခြင်းကြောင့်လည်း ကျားမတန်းတူရေးကိို မထိစေသင့်ပါဘူး။ ကျားကမြင့်မြတ်တယ် မက သိမ်ငယ်တယ်ဆိုတဲ့အယူအဆဟာ တကယ်တော့ မလိုအပ်တဲ့ အတွေးတွေပါပဲ။”

အထက်ပါစာပိုဒ်မှာ ကျားမ အခွင့်အရေး တန်းတူဖြစ်မှုဟာ အင်မတန်လိုအပ်တဲ့အချက်ပါပဲ ဆိုတဲ့ဝါကျဟာ ဦးဆောင်ဝါကျပါပဲ။ အဲဒီအချက် အဲဒီဦးဆောင်ဝါကျအတွက် အစပျိုးဝါကျတွေအရင်ရေးပြီးမှ ဦးဆောင်ဝါကျကို စာပိုဒ်ရဲ့အလယ်မှာ ထားလိုက်တာတွေ့ကြရမှာပါ။ သူ့နောက်ကဆက်လာတဲ့ဝါကျတွေကလည်း အဲဒီဦးဆောင်ဝါကျကို ထပ်မံပံ့ပိုးတဲ့ဝါကျတွေပါပဲ။

ဒါဆိုရင် စာပိုဒ်တစ်ပိုဒ်မှာ ဥိီးဆောင်ဝါကျ ပါလေ့ရှိတတ်ကြောင်း၊ အဲဒီ ဦးဆောင်ဝါကျကို စာရေးသူ အားသန်သလို ရေးရင်ရေးတတ်သလို စာပိုဒ်ရဲ့အဦးအစဝါကျ၊ နောက်ဆုံးဝါကျနဲ့အလယ်မှာထားတဲ့ဝါကျအဖြစ် ရေးလို့ရကြောင်း ကျနော်တို့ ဆွေးနွေးခဲ့ကြပြီးပါပြိီ။ ကဲ ဒီကနေ့တော့ ဒီလောက်ပါပဲ။ နောက်နေ့တွေမှာလည်း စကားပြေအရေးအသားအမှားပြဿနာကို ဆက်လက်ဆွေးနွေးကြတာပေါ့။

လူငယ်တွေ စကားပြေအရေးအသား မှန်ကန်ကြွယ်ဝ လှပနိုင်ကြပါစေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly