ပြိုင်ပွဲအတွက် စိတ်လှုပ်ရှားနေတဲ့ ကမ္ဘောဒီးယား အမျိုးသမီးဖိုက်တာ Sovannahry Em

ပြိုင်ပွဲအတွက် စိတ်လှုပ်ရှားနေတဲ့ ကမ္ဘောဒီးယား အမျိုးသမီးဖိုက်တာ Sovannahry Em

ဒီဇင်ဘာ ၇ ၊ ရန်ကုန် ။            ။ ကမ္ဘောဒီးယား-အမေရိကန် အမျိုးသမီးဖိုက်တာ Sovannahry Em သည် ယနေ့ ဒီဇင်ဘာလ ၇ ရက်၊ သောကြာနေ့ တွင်ကျင်းပသွားမည့် ONE: DESTINY OF CHAMPIONS ပြိုင်ပွဲ၌ ကမ္ဘောဒီးယားနိုင်ငံအားကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရန် စိတ်လှုပ်ရှားလျက်ရှိနေသည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Axiata Arena အားကစားကွင်းတွင် ကျင်းပပြုလုပ်မည့် ONE: DESTINY OF CHAMPIONS ပြိုင်ပွဲကြီး၌ ဖလိုင်းဝိတ်တန်း ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲတွင် Sovannahry Em သည်  ယူကရိန်းနိုင်ငံသူ Iryna “Delsa” Kyselova နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

“ကျွန်မ ပြိုင်ပွဲတွေအတွက် အလွန် အသင့်ဖြစ်နေပြီလို့ ခံစားရတယ်။ ကျွန်မ ပြိုင်ပွဲတွေမှာ သိပ်ကို ပြိုင်ချင်နေပါပြီ။ ” ဟု အသက်၂၆နှစ်အရွယ် ကမ္ဘောဒီးယား-အမေရိကန်ဖြစ်သော Sovannahry Em က ဆိုသည်။

Sovannahry Em သည် ရှုံးပွဲမရှိမှတ်တမ်းကို ဆက်လက်ထိန်းသိမ်းထားရန်အတွက် နည်းပြများနှင့်အတူ ကစားကွက်ဗျူဟာများကို စနစ်တကျပြင်ဆင်လေ့ကျင်လျက်ရှိသည်။

လက်ရှိတွင် ၎င်းသည် နိုင်ပွဲ ၂ ခုကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ပထမနိုင်ပွဲသည် ၁၈ မိနစ်တွင်အလဲထိုးကွက်နှင့် အနိုင်ရရှိကာ ဒုတိယနိုင်ပွဲမှာ ၇၉ စက္ကန့်အတွင်း ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့သည်။

၎င်း၏ နည်းပြချုပ် Justin Hamiltonသည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ လော့အန်ဂျလိစ်မြို့ရှိ Fight Science MMA အဖွဲ့အစည်းတွင် ဘရာဇီးဂျူဂျစ်စု ခါးပတ်ညိုအဆင့် ရရှိထားသူ ဖြစ်သည်။

“ကျွန်မတို့ ဆရာတပည့်ယောက် အပေးအယူမျှပြီး သူနဲ့ လေ့ကျင့်ရတာ ကောင်းတဲ့တစ်ချက်က သူ့မှာ လေ့ကျင့်ပေးရမယ့် တခြားအမျိုးသမီးကစားသမား မရှိတဲ့အတွက် ကျွန်မလေ့ကျင့်မှုနဲ့ စွမ်းရည်တွေကို ပိုပြီး အာရုံစိုက်ပေးနိုင်တယ်။” ဟု ကမ္ဘောဒီယား-အမေရိကန်အမျိုးသမီးက ဆိုသည်။

“ကျွန်မ တစ််လ၊နှစ်လအတွင်းမှာတင် အများကြီးတိုးတက်လာတယ်လေ။ အခုပြိုင်ပွဲက ကျွန်မအတွက်ရော သူ့အတွက်ပါ အခွင့်အရေးကြီးတစ်ခုဖြစ်တယ်။ ကျွန်မတို့ နှစ်ယောက်လုံး အလွန်ပဲ စိတ်လှုပ်ရှားနေပါတယ်။” ဟု Sovannahry က ပြောသည်။

Sovannahry Em အနေဖြင့် ပြိုင်ဘက် ယူကရိန််းနိုင်ငံသူ Iryna “Delsa” Kyselova ကို မတ်ရပ်ကစားကွက် သာမက မြေပြင်ကစားကွက်နှင့်ပါ စိန်ခေါ်သွားနိုင်ရန် အပြင်းအထန်ကြိုးစားလေ့ကျင့်လျက်ရှိသည်။

“ကျွန်မရဲ့ နည်းပြတွေက Iryna “Delsa” Kyselova ရဲ့ ပြိုင်ပွဲ ဗီဒီယိုတွေကို လေ့လာတဲ့နေရာမှာ အလွန် တော်ကြတယ်။ သူ့အမူအကျင့်တွေ သူတိုက်ခိုက်တတ်တဲ့ကစားကွက်တွေကို သိရှိထားတယ်။” ဟု သူက ရှင်းပြခဲ့သည်။

“ကျွန်မတို့ ပိတ်ရက်တွေမှာ ဆုံဖြစ်ကြတဲ့အခါတိုင်း Iryna ကို ထိုးနှက်ယှဉ်ပြိုင်မယ့် ကစားကွက်တွေကို အာရုံစိုက်ပြီး သေချာပြင်ဆင်ဖြစ်ကြတယ်။” ဟု  Em က ပြောသည်။ Em သည် သူ၏ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားဘဝအတွက် ကြီးမားသောခြေလှမ်းကို လှမ်းခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၇ ရက်နေ့တွင် Em သည် ONE ၏ ကစားသမားစာရင်းဝင်အဖြစ် ကြိုးဝိုင်းတွင်းသို့ ဝင်ရောက်ကာ ၎င်း၏ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားသမိုင်းတွင် စာမျက်နှာသစ်တစ်ခုကို တရားဝင်မှတ်တမ်းတင် နိုင်တော့မည်ဖြစ်သည်။

Sovannahry Emအတွက် ကိုယ်ခံပညာသိုင်းပေါင်းစုံဟူသည် ကြိုးဝိုင်းအတွင်း ဝင်ရောက်ယှဉ်ပြိုင်ကစားခြင်း ထက် အဓိပ္ပါယ်ပိုသည်ဟု ၎င်းက ဆိုသည်။

 “ကစားသမားတွေက အကျင့်စာရိတ္တကောင်းမွန်သူတွေဖြစ်ပြီးတော့ အချင်းချင်းရိုင်းပင်းကူညီကြရင်း မိမိကိုယ့်ကို အကောင်းဆုံးပုံစံ တည်ဆောက်သွားနိုင်ကြတာဟာ ကျွန်မအနေနဲ့ ONE ကိုသဘောကျရတဲ့ အကြောင်းအရင်းပါ” ဟု Em က ဖွင့်ဟခဲ့သည်။

ကမ္ဘောဒီးယား-အမေရိကန် ကပြားဖြစ်သော Em က ONE: DESTINY OF CHAMPIONS ပြိုင်ပွဲကြီး၌ သူ၏ အကောင်းဆုံးသော အရည်အချင်းများကို ချပြသွားရန် စီစဉ်ထားကာ ရှုံးပွဲမရှိမှတ်တမ်းကို ထိန်းသိမ်းကာကွယ်သွား ရန် ကြိုးစားလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required