နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပုံသေကားချပ် အလေ့အထများကို ပြုပြင်ပြောင်းလဲကြရန် ဒေါက်တာမြင့်နိုင် တိုက်တွန်း

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပုံသေကားချပ် အလေ့အထများကို ပြုပြင်ပြောင်းလဲကြရန် ဒေါက်တာမြင့်နိုင် တိုက်တွန်း

စစ်ကိုင်း၊ဒီဇင်ဘာ ၇ ။           ။ စစ်ကိုင်းတိုင်းဒေသကြီးမှာ တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံဝန်ထမ်းများအနေဖြင့် ပုံသေကားချပ် အလေ့အထများကို ပြုပြင်ပြောင်းလဲပြီး နိုင်ငံတော်နှင့်ပြည်သူလူထုအကျိုးကို စေတနာမှန်မှန်ဖြင့် ဆောင်ရွက် ပေးစေလိုသည်ဟု စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်မြင့်နိုင်က ခန္တီးမြို့မှာပြုလုပ်နေသည့် တိုင်းလုံး ဆိုင်ရာ ရှမ်းနှစ်သစ်ကူးပွဲတော်မှာ ပြောကြားလိုက်သည်။

"စစ်ကိုင်းတိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းများကို မှာကြားလိုတာကတော့ နိုင်ငံတော်သမ္မတမှ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ ပြောင်းလဲမှုဖြစ်စဉ် အောင်မြင်ချောမွေ့စေရေးရန်၊ ပြည်သူ ပြည်သားများ နိုင်ငံဝန်ထမ်းများအားလုံး ပုံသေကားချပ် အလေ့အထများကို ပြုပြင်ပြောင်းလဲစေရန်၊ အထူး လိုအပ်ပါကြောင်းနှင့်မှာကြားချက်အတိုင်း သက်ဆိုင်ရာဒေသတွင် တာဝန်ထမ်းဆောင်ကြသော ဝန်ထမ်းများ ကိုလည်း နိုင်ငံတော်နဲ့ပြည်သူအကျိုးကို စေတနာမှန်မှန်နှင့်ဆောင်ရွက်ပေးစေလိုပါတယ်။"ဟု ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကပြောသည်။

ဆက်လက်၍ ဒေါက်တာမြင့်နိုင်က စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်နိုင်ငံစီးပွားရေး ပြောင်းလဲတိုးတက်စေရေးအတွက် ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှောက်လှမ်းရာ၌ တိုင်းရင်းသား အားလုံး တက်ညီလက်ညီ ပိုမိုပူးပေါင်းပါဝင်ရန် တိုက်တွန်းပါကြောင်းနှင့်မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးများတွင်လည်း ကျရာအခန်းကဏ္ဍမှ စွမ်းစွမ်းတမံပါဝင်ကြဖို့ အလေးအနက် တိုက်တွန်းသည်ဟုလည်း ပြောကြားခဲ့သည်။

တိုင်းလုံးဆိုင်ရာ ရှမ်းနှစ်သစ်ကူးပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ခန္တီးမြို့တွင် ဒီဇင်ဘာလ ၇ ရက်မှစတင်၍ ဒီဇင်ဘာလ ၉ ရက်နေ့အထိ ကျင်းပသွားမှာလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required