အမျိုးသမီးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ စကားသံများ

အမျိုးသမီးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ စကားသံများ

မသီတာ (စမ်းချောင်း)

ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် အားလုံးကြောက်ကြတဲ့အထဲမှာ အမျိုးသမီးတွေလည်းပါတယ်။ ဘာကြောင့် အမျိုး သမီးတွေဟာ ငြိမ်းချမ်းရေးကိစ္စတွေမှာ ထည့်သွင်းပြောရမယ့် လူစုလူဝေးဖြစ်နေရသလဲဆိုတဲ့ ကိစ္စလည်း အင်မတန်ရိုးရိုးရှင်းရှင်းပဲလို့ ကျွန်မပြောချင်ပါတယ်။ အမျိုးသားတွေရဲ့လူဦးရေနဲ့ အမျိုးသမီးရဲ့လူဦးရေ မြန်မာ နိုင်ငံအတိုင်းအတာအရကို အမျိုးသမီးလူဦးရေကများနေတယ်။ လူဦးရေအရကို တစ်နိုင်ငံလုံးငြိမ်းချမ်းဖို့ဆိုရင် အမျိုးသမီးတွေကို ဖယ်ချန်ထားပြီးတော့ လုပ်လို့မရနိုင်ဘူးဆိုတာ ပေါ်နေတာပါပဲ။ ဒီနေ့တီရှပ်တွေမှာ ဝတ်ထား သလို No Women No Peace ဆိုတာမျိုးပေါ့။

အမျိုးသမီးတွေမှာ ငြိမ်းချမ်းရေးမရရင် နိုင်ငံမှာငြိမ်းချမ်းရေး မရမှာကတော့ သေချာတဲ့ကိစ္စပါ။ အဲ့ဒီအပြင် ကျွန်မတို့ထည့်ပြီးတော့ စဉ်းစားရမယ့်အချက်က မြန်မာ့သမိုင်း တစ်လျှောက်လုံးမှာလည်းမြန်မာနိုင်ငံ သမိုင်းမှာ ဘယ်တော့မှ ငြိမ်းချမ်းရေးကောင်းကောင်း မရခဲ့တဲ့အခါ သမိုင်း တစ်လျှောက်လုံးမှာလည်း ခေတ်အဆက်ဆက်က အမျိုးသမီးပေါင်းများစွာက သူတို့အခန်းကဏ္ဍနဲ့သူတို့ မြန်မာ့ ငြိမ်းချမ်းရေးကို ပါဝင်ပတ်သက်ခဲ့ကြဖူးတာရှိပါတယ်။ ကမ္ဘာ့သမိုင်းကြည့်မယ်ဆိုလည်း ဒီအတိုင်းပါပဲ။ ဒါပေမယ့် အားလုံးပြန်ပြီးတော့ စဉ်းစားကြည့်ရင် ဘာဖြစ်လု့ိ အမျိုးသမီးတွေဟာ ငြိမ်းချမ်းရေကိုတောင်းနေရတာလဲ။

ကျွန်မတို့ ကမ္ဘာ့အနေအထားကို ကြည့်လိုက်ရင် ငြိမ်းချမ်းရေးမရှိဘူးလို့ပြောဖို့ဆိုလို့ရှိရင် ရိုက်လိုက်သမျှ၊ တင် လိုက်သမျှ လူထုရဲ့ Attention ကို ဆွဲဆောင်နိုင်တယ်လို့ယူဆပြီးတော့ ဆုံးဖြတ်လိုက်တဲ့ ပုံရိပ်တွေတိုင်းဟာ အမျိုးသမီးတွေရဲ့ အတိဒုက္ခရောက်နေတဲ့ပုံရိပ်တွေ အမြဲတမ်းဖြစ်နေတတ်တယ်။ အဲ့တော့ အမျိုးသမီးဟာ ပိုပြီး တော့ကို ငြိမ်းချမ်းရေးအတွက် လိုလားခံရတဲ့သူဖြစ်နေတယ်။ ဒါပေမယ့် အံ့သြဖို့ကောင်းတာက ခုနကပြောတဲ့ လူဦးရေအချိုးအစားအရ ကြည့်မယ်ဆိုရင် အမျိုးသမီးဟာ တစ်ဝက်မကရှိနေတာ ဖြစ်တယ်။ အင်မတန်ကြီးမား တဲ့ လူစုလူဝေးကြီးတစ်ခုဟာ ငြိမ်းချမ်းရေးနဲ့ပတ်သက် ရင်ဘယ်တော့မှ တန်းတူအခွင့်အရေးမရဘဲနဲ့ ငြိမ်းချမ်း ရေးကင်းမဲ့မှုကိုခံစားရသော ခံစားသူအဖြစ်ပဲ အမြဲတမ်းရှိနေတယ်ဆိုတာကိုသွားတွေ့ရတယ်။ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ ငြိမ်းချမ်းရေးကင်း မဲမှုရဲ့ ခံစားရသူများကနေ ငြိမ်းချမ်းရေးကိုဆောင်ကျဉ်းနိုင်သူ၊ ငြိမ်းချမ်းရေး ရဲ့အဆင့်တွေဖြစ်တဲ့ ကြိုတင်ကာကွယ်တဲ့အပိုင်း၊ ငြိမ်းချမ်းရေးအတွက် လုပ်ငန်းဆောင်တာတွေကို စီမံခန့်ခွဲတဲ့ အပိုင်း၊ ငြိမ်းချမ်းရေးရအောင်လို့ပြဿနာတွေကို ဖြေရှင်းတဲ့အပိုင်း၊ ဒီလိုအဆင့်ဆင့်သော အခန်းကဏ္ဍများမှာ နှစ်ပိုင်းလုံးမှာ ပါစေချင်ပါတယ်။ အဲ့ဒီတစ်ဝက်မကရှိနေတဲ့ အမျိုးသမီးထုကြီးတစ်ခုလုံးမှာ ငြိမ်းချမ်းရေး အတွက် စွမ်းဆောင်နိုင်သောသူ၊ ဆုံးဖြတ်နိုင်သောသူ၊ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သောသူဆိုတဲ့ အခန်းကဏ္ဍကို ပြောင်းလဲနိုင်တဲ့တစ်နေ့မှသာလျှင် ငြိမ်းချမ်းရေးအတွက် အာမခံနိုင်မှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးပျက်ပြားသွားတဲ့ အခြေအနေမျိုးမဖြစ်အောင် ကာကွယ်တဲ့နေရာကနေ ပြန်စမယ်ဆိုလို့ ရှိရင်လည်း ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ပညာပေးမှုကိစ္စတွေမှာ ထိထိရောက်ရောက်နဲ့ စွမ်းစွမ်းတမံ လုပ်နိုင်မယ့် သူတွေမှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍ အများကြီးပါပါတယ်။ ကျွန်မတို့နိုင်ငံရဲ့အနေအထားကို ပြန်ကြည့်မယ် လိုက်မယ်ဆိုရင် ကျောင်းပညာရေးနဲ့ပတ်သက်လို့ ဆရာအရေအတွက်၊ ဆရာမအရေအတွက် အချိုးကိုပြန် ကြည့်ရင် ဆရာမအရေအတွက်က အမြဲတမ်းပိုများနေတယ်။ ဆရာအရေအတွက်ဟာ နည်းနေတယ်ဆိုတာ တွေ့ရတယ်။ ဒါကြောင့်မို့လို့ ပညာရေးနဲ့ပတ်သက်လည်း အမျိုးသမီးတွေက ကျောင်းဆရာမတွေ ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ သူတို့က လေ့ကျင့်ပေးလိုက်တဲ့ အမျိုးသား၊ အမျိုးသမီး၊ ကျောင်းသူကျောင်းသားများရဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အမြင်ကျယ်မှု၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ လုံလောက်တဲ့ပညာရေးရရှိမှုနဲ့ပတ် သက်ရင် အမျိုးသမီးရဲ့အခန်းကဏ္ဍကို ပိုပြီးတော့ အာရုံစိုက်စေချင်တာပါ။

သက်ရောက်မှုကြီးကြီးကို ခေါင်း ဆောင်နိုင်တဲ့သူတွေဖြစ်ရဲ့သားနဲ့ စွမ်းဆောင်နိုင်တဲ့နေရာမှာရှိနေရဲ့သားနဲ့ စွမ်းဆောင်ရဖို့အခွင့်အရေး ပျောက် နေရတဲ့ကိစ္စဟာ မြန်မာနိုင်ငံရဲ့အဓိကပြဿနာပါ။ ပြီးတော့ Decision Making Process လို့ပြောတဲ့ ငြိမ်းချမ်း ရေးနဲ့ပတ်သက်လို့ ကာကွယ်ရေး၊ စီမံခန့်ခွဲရေး၊ ပြဿနာဖြေရှင်းရေး အဆင့်ဆင့်တိုင်းမှာရှိတဲ့ အဆုံးအဖြတ် ပေးရမယ့်ကိစ္စတွေမှာ အမျိုးသမီးတွေ ဘာကြောင့်ပါသင့်သလဲလို့မေးရင် နှစ်ပိုင်းလုံးကို ကိုယ်စားပြုလို့လို့ ပြောရမယ်ထင်ပါတယ်။ ပြုလုပ်နိုင်သောသူဆိုတဲ့ ကတ္တားအမြင်မှာလည်းသူတို့ရှိနေပါတယ်။ ပြုလုပ်မှုရဲ့ သက် ရောက်မှုကိုခံရသောသူလို့ ဆိုတဲ့နေရာမှာလည်း သူတို့ အုံနဲ့ကျင်းနဲ့ရှိပါတယ်။ အဲ့တော့ ပြုသောသူလည်း ဖြစ်တယ်။ ပြုခံရသောသူလည်းဖြစ်တယ်ဆိုတဲ့ အမျိုးသမီးတွေကို ဖယ်ချန်ပြီးတော့မှ ငြိမ်းချမ်းရေးကို တည် ဆောက်မယ်ဆိုရင် ဘယ်တော့မှမရနိုင်ပါဘူး။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို ပြောင်းလဲဖို့အချိန်ကျနေပြီ။ အမျိုးသမီးတွေကိုယ်၌ကလည်း ကိုယ့်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ရင် ဒီထက်နက် နက်ရှိုင်းရှိုင်းတွေးဖို့ လိုအပ်နေပါပြီ။

ဒေါ်နန်ရော်

ဒါရိုက်တာ (ငြိမ်းဖောင်ဒေးရှင်း)

လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာ အခြေအနေအမျိုးမျိုးကြောင့် ၁၉၄၈နောက်ပိုင်းကနေပြီးတော့ မြန်မာ နိုင်ငံရဲ့ နယ်စပ်တောက်လျှောက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ တည်ရှိနေဆဲဖြစ် ပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့အစိုးရလက်ထက်မှာ ၂၀၁၁ ခုနှစ်ကနေစပြီးတော့ ဒီတိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်နိုင်ဖို့အတွက်က ကြိုးပမ်းခဲ့တာ ကျွန်မတို့အားလုံး အသိပဲဖြစ်တယ်။

အခုချိန်ထိလည်း ဒီကိစ္စက ကျွန်မတို့ ဆက်လုပ်နေတာပဲဖြစ်တယ်။ အဲ့လိုပဲ အဖွဲ့အစည်းအနေနဲ့မဟုတ်ပေမယ့် သြဇာရှိတဲ့ပုဂ္ဂိုလ်တွေ အနေနဲ့ ဒီငြိမ်းချမ်းရေးလုပ်ငန်းမှာ ပါဝင်နေကြတဲ့သူတွေလည်းရှိပါ တယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်ပေါ့ နော်။ နောက်တိုင်းရင်းသားဘက်ကဆို ဦးခွန်ထွန်းဦးတို့၊ နောက် ၈၈ မျိုးဆက်ကခေါင်းဆောင်များ။ သူတို့တွေရဲ့ စကားတစ်ခွန်းကလည်း ကျွန်မတို့ငြိမ်းချမ်းရေး အတွက် ကောင်းလာဖို့၊ ဆိုးလာဖို့ရှိတဲ့အတွက် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ အရေးကြီးတဲ့ State-Holder တွေအနေနဲ့ အသိအမှတ်ပြုထားတာရှိပါတယ်။

တိုက်ပွဲတွေအတွက်၊ အမြောက်တွေ၊ ကျည်ဆံတွေ၊ ဗုံးဆံတွေအတွက် ငွေကုန်သလိုပဲ ငြိမ်းချမ်းရေး အတွက်လည်း လုပ်ငန်းမှာငွေကုန်ပါတယ်။ အဲ့ဒီမှာ တစ်နိုင်ငံချင်းအနေနဲ့လည်း ပါဝင်တဲ့ကိစ္စတွေ ရှိတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေ ရှိတယ်။ အဲ့မှာ နောက်ဆုံးတင်ပြချင်တဲ့ အဖွဲ့အစည်းကတော့ NCCT လို့ခေါ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး၊ ညှိနှိုင်းရေးအဖွဲ့ဖြစ်ပါတယ်။ နောက်အဲ့ဒီအဖွဲ့နောက်ပိုင်းမှာ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်များအဖွဲ့ ဆိုပြီး ထပ်ဆင့်ဖွဲ့ထားတဲ့ NCCTSD ပါ။ ဒီအဖွဲ့ကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းမျာ ကိုယ်စား သူတို့အဖွဲ့ဝင်တွေ ၁၆ ဖွဲ့ကနေပြီး တော့မှ အဖွဲ့အစည်းရဲ့ကိုယ်စားလာပြီး ပေါင်းစုံဖွဲ့စည်းပြီးတော့ အစိုးရနဲ့ညှိနှိုင်းနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

ဒီဟာ ကတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီမှာ ဘယ်သူတွေပါလဲ ဆိုတဲ့ဖွဲ့စည်းပုံပဲဖြစ်ပါတယ်။ ဗဟိုကော်မတီမှာ ၁၁ ဦးကတော့ အမျိုးသမီးတစ်ယောက် မှမပါပါဘူး။ နံပါတ် ၉ အထိကတော့ ကျွန်မတို့မြန်မာနိုင်ငံရဲ့ အရေးကြီးဆုံးဆုံးဖြတ်ချက်တွေကိုချတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံ ရေးကောင်စီရဲ့အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ကျန်တဲ့ ၂ ယောက် ကတော့ ပြည်ထောင်စုအဆင့် ဝန်ထမ်းတွေ ဖြစ်ပါ တယ်။ လုပ်ငန်းကော်မတီမှာတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦး ပါပါတယ်။ အဲ့ဒီမှာ တိုင်းရင်းသား လူမျိုးတွေကို အဓိကထားပြီးတော့မှ ခန့်ထားတာကိုလည်း တွေ့ရ ပါတယ်။ အဲ့ဒီမှာ အမျိုးသမီး ၂ ဦးပါပါတယ်။ အဲ့တော့ ဒီ ၅၂ ဦးမှာ အမျိုးသမီး ၂ ဦးပါတယ်။

ဒီလိုခရီးအရှည်ကြီးကို သွားတဲ့အခါမှာ ကျွန်မတို့အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍပေါ့နော်။ ပထမဦးဆုံး လှေခါးထစ်နှစ်ဆင့်ကို ကျွန်မတို့သွားတဲ့အခါ အမျိုးသမီးတွေရဲ့ပါဝင်မှုက အားမရပါဘူး။ အရင်က ဆိုရင် ပဏာမအဆင့် ဆွေးနွေးပွဲတွေကို ကြည့်မယ်ဆိုလို့ရှိရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲက အမျိုးသမီးခေါင်းဆောင်တွေ သူတို့တွေရဲ့ပါဝင်မှုတွေကို ကျွန်မတို့တွေ့ရပါတယ်။ KNU ကဆိုလို့ရှိရင် နော်စီပိုးရာစိန်၊ နောက်ကယား KNPP ကဆိုလို့ရှိရင် နော်ဌေးဌေးဖော၊ မွန်ပြည်သစ်ပါတီကို ကြည့်မယ်ဆိုလို့ ရှိရင်လည်း ဆရာမ မိဆာဒါး။ ဒါပေမယ့် အခုနောက်ပိုင်းတော့ NCCT အနေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်လာ တဲ့အခါမှာ အဖွဲ့ဝင် ၁၆ ဖွဲ့ရှိတဲ့အတွက် ကိုယ်စားလှယ် ၁၆ ဦး။ အဲ့နေရာမှာ အမျိုးသမီး ၁ ယောက်ပဲ ပါပါတော့ တယ်။ ဆရာမ စောမြရာဇာလင်းပေါ့နော်။

သူကတော့ NCCT ရဲ့အဖွဲ့ဝင်အနေနဲ့ တစ်ဦးတည်းသောအမျိုးသမီး အဖွဲ့ဝင်အနေနဲ့ပါရှိခဲ့ပါတယ်။ အဲ့တော့ ခုနကကျွန်မပြောခဲ့သလိုပဲ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီကို ကြည့်လိုက်မယ်ဆိုရင် အမျိုးသမီးပါဝင်မှုက သုညရာခိုင်နှုန်းဖြစ်ပါတယ်။ နောက်နည်းပညာ အထောက်အကူအဖွဲ့တွေကို ကြည့်လိုက်တဲ့အခါမှာ ရှေ့တန်းမှာ ဦးဆောင်နေကြတာအားလုံးက အမျိုးသားတွေ ပဲဖြစ်ပါတယ်။ စီနီယာ level ကို ကြည့်လိုက်မယ်ဆိုရင်တော့ ဆရာမကြီး ဒေါက်တာယဉ်ယဉ်နွယ်ရှိမယ်။ ဒေါက်တာ ရေဗက္ကာထင် ရှိမယ်။ ဒီနှစ်ဦးပဲရှိပါမယ်။ Middle Level မှာ ကျွန်မတို့ အမျိုးသမီးခေါင်းဆောင် ပိုင်းတွေ မတွေ့ရပါဘူး။ ကျန်တဲ့အသေးစိတ် အထောက်အကူပေးတဲ့အဖွဲ့တွေထဲမှာတော့ အမျိုးသမီးတွေက အငယ်ပိုင်းမှာပါတယ်။ Documentation အပိုင်းမှာတော့ အမျိုးသမီးတွေက တော်တော်ပါဝင်မှုများပါတယ်။ နောက်တစ်ခါ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ရဲ့ ခေါင်းဆောင်တွေမှာလည်း အမျိုးသမီးပါဝင်မှုက ခေါင်းဆောင် ၃ ယောက်မှာ အကြံပေး ၃ ယောက်ရှိတယ်။ အမျိုးသမီးတွေကို နေရာပေးရမယ်ဆိုတာ သိပေ မယ့် ရင်ထဲအသည်းထဲက မရှိနေသေးဘူး။ အဲ့ဒါလည်း အမျိုးသမီးအဖွဲ့တွေအတွက် စိန်ခေါ်မှုတစ်ချက်ပါ။

မိဆူးပွင့်

ဗဟိုကော်မတီဝင် (ABSDF ကျောင်းသားတပ်မတော်)

တကယ်လက်တွေ့ဖြတ်သန်းလာတဲ့ အခြေအနေအရတော့ ဟိုးဓလေ့ထုံးတမ်းတွေ ရှေးရိုးစွဲအစဉ်အလာတွေ ကနေပြီးတော့ အမျိုးသမီးတွေ နိုင်ငံရေးမှာပါဝင်ခွင့်ကို စည်းကမ်းနဲ့ မပိတ်ပင်ထားပေမယ့် လည်းအလေ့အထ မရှိခဲ့တဲ့အခါကျတော့   နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ တိုင်းရင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲမှာ အမျိုးသမီးတွေပါဝင်မှု အရမ်းနည်းခဲ့တယ်။ ဒီနေ့ဒီအချိန်မှာ ငြိမ်းချမ်းရေး process မှာ အမျိုးသမီးတွေ ပါဝင်လာ ဖို့လို့ ပြောလာတဲ့အချိန်မှာ သက်ဆိုင်ရာအစိုးရကဖြစ်စေ၊ နိုင်ငံရေးပါတီတွေ နိုင်ငံရေးအင်အားစုတွေကဖြစ်စေ သူတို့က ဒီဆွေးနွေးပွဲတွေ ဒီလှုပ်ရှားမှုတွေမှာ အဓိကပုံစံခွက်တွေနဲ့ပဲ သတ်မှတ်စဉ်းစားကြတဲ့အခါကြတော့ ပါတီတွေမှာ အမျိုးသမီးခေါင်းဆောင်တွေ ဘယ်သူတွေရှိမလဲပေါ့။

ဥပမာ ကျွန်မတို့ အပစ်အခတ်ရပ်စဲရေး အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေ စတင်ဆွေးနွေးချိန်ကတည်းက အမျိုးသမီးတွေရဲ့အသံတွေ ပါဖို့လို တယ်။ အမျိုးသမီးကိုယ်စားလှယ်တွေ  ပါဖို့လိုတယ် ဆိုတာနဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေနဲ့ လိုက်ဆွေးနွေးဖူးတယ်။ ဒါပေမယ့် ဘယ်လိုဖြစ်လဲဆိုတော့ သူတို့အဖွဲ့အစည်းတွေမှာ အမျိုးသမီးဗဟို ကော်မတီဝင်တွေ မရှိဘူး။ နောက်တစ် ခုက ဒီကိစ္စက အပစ်အခတ်ရပ်စဲရေးကို ဆွေးနွေးနေတာဖြစ်တဲ့အတွက် တပ်မှူးတွေဆိုရင်လည်း အမျိုးသားတွေပဲဖြစ်တယ်။ ဒါကြောင့်မို့လို့ အမျိုးသမီးတွေပါဖို့ မလိုဘူးပေါ့နော်။

အခုလို စာချုပ်အကောင်အထည်ဖော်ဖို့ ဆွေးနွေးနေတဲ့အချိန်မှာလည်း အပစ်အခပ်ရပ်စဲရေးစာချုပ်ကို အချက် အလက်တွေပြည့်စုံအောင် ဆွေးနွေးတဲ့နေရာမှာလည်း အမျိုးသမီးတွေရဲ့အသံတွေ သဘော ထားတွေ လိုတယ် လို့ ထပ်မံပြောဆိုတိုက်တွန်းကြတဲ့အခါမှာလည်း  အဲဒီလိုပဲ။ အမျိုးသမီးတာဝန်ရှိတဲ့သူတွေ၊ အဖွဲ့အစည်းတွေရဲ့ မူဝါဒကိုအာမခံတဲ့ အမျိုးသမီးခေါင်းဆောင်တွေ မရှိတဲ့အတွက် မထည့်နိုင်ဘူးပေါ့နော်။ ကျွန်မတို့တွေက အခု ချိန်ကတည်းက လူငယ်တွေရဲ့လက်ထက်မှာ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေမှာ အမျိုးသမီးတွေ ထဲထဲဝင်ဝင် ပါထားရင် မကြာခင်ကာလအတွင်းမှာတော့ အမျိုးသမီးခေါင်းဆောင်တွေကနေပြီးတော့ နိုင်ငံရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ ထဲထဲဝင်ဝင် ပါဝင်လာနိုင်မယ်လို့ ယုံကြည်တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly