လက်စတာစီးတီး ရဟတ်ယာဉ်ပျက်ကျမှုရဲ့ အကြောင်းရင်းကို ထုတ်ဖော်လိုက်ပြီ

လက်စတာစီးတီး ရဟတ်ယာဉ်ပျက်ကျမှုရဲ့ အကြောင်းရင်းကို ထုတ်ဖော်လိုက်ပြီ

လန်ဒန်၊ ဒီဇင်ဘာ ၇ (efe-epa) ။         ။ လက်စတာအသင်းပိုင်ရှင် ဗီချိုင်းဆီရိဗတ်ဒန္နပရာဘာနှင့် လူ ၄ ဦးလိုက်ပါစီးလာတဲ့ ရဟတ်ယာဉ်ပျက်ကျရခြင်း အကြောင်းအရင်းမှာ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုတစ်ခုကြောင့်ဖြစ်တယ်လို့ ယူကေလေကြောင်း မတော်တဆမှု စုံစမ်းစစ်ဆေးရေးဌာနခွဲ (AAIB) က ကြာသပတေးနေ့က ပြောပါတယ်။

ယာဉ်မောင်းရဲ့ မောင်းတံခလုတ်ထိန်း (ဂီယာ)နဲ့ AW169 ရဟတ်ယာဉ်ရဲ့ အမြီးရှိ ပန်ကာနဲ့ ချိတ်ဆက်ထားတဲ့ ပင်ချောင်းတစ်ခုဟာ အချိတ်အဆက် လွဲချော် ချွတ်ယွင်းမှုဖြစ်ပွားကာ ယာဉ်မှာ ထိန်းချုပ်မရဘဲ လည်ထွက်သွားပြီး မြေပြင်ဆီ ထိုးဆင်းသွားတာဖြစ်တယ်လို့ AAIB ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

အဆိုပါရဟတ်ယာဉ် မတော်တဆဖြစ်မှုဟာ အောက်တိုဘာ ၂၇ ရက်က ကစားခဲ့တဲ့ လက်စတာစီးတီးနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး နာရီပိုင်းအနည်းငယ်အကြာမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ပျက်ကျမှုထဲ သေဆုံးသူတွေကတော့ ဗီချိုင်းဆီရိဗတ်ဒန္နပရာဘာနှင့်အတူ သူ့ရဲ့ ဝန်ထမ်းနှစ်ဦးဖြစ်တဲ့ နုဆာရာ ဆပ်နာမိုင်နဲ့ ခပ်ပွန်ဖွန်ဖယ်၊ ယာဉ်မှူး အဲရစ်ဆွာရာဖယ်၊ အီဇယ်ဘယ်လာရိုဇာလာခိုဗက်ဇ်တို့ဖြစ်ပါတယ်။

ချွတ်ယွင်းတဲ့ စက်ပစ္စည်း အစိတ်အပိုင်းအစတွေကို ပျက်ကျရာ နေရာပဲ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ရဟတ်ယာဉ်အမြီးပိုင်း ထိန်းချုပ်မှု ကင်းမဲ့ခဲ့တာက ကနဦး ဖြစ်ပွားမှုနဲ့ အတိအကျ ပျက်ကျရတဲ့ အကြောင်းအရာအစဉ်လိုက်ဖြစ်ပါတယ်။ ဒါဟာ ဦးစားပေးအနေနဲ့ စုံစမ်းစစ်ဆေးနေတာဖြစ်ပါတယ်။”လို့ AAIB က ဆိုပါတယ်။

အသက် ၆၁ နှစ်အရွယ်ရှိ ဗီချိုင်းဟာ ဒေါ်လာ ၄.၉ ဘီလီယံအထိ ကြွယ်ဝချမ်းသားတဲ့သူဖြစ်ပြီး သားသမီး ၄ ဦးရှိပါတယ်။ သူဟာ လက်စတာအသင်းကို ၂၀၁၀ ခုနှစ်က ပေါင် ၃၉ သန်းနဲ့ ဝယ်ယူခဲ့သူဖြစ်ပါတယ်။

ဗီချိုင်းဟာ အသင်းရဲ့ ပွဲစဉ်တွေကို ရဟာတ်ယာဉ်စီးနင်းကာ လာရောက်ကြည့်ရှုလေ့ရှိတယ်လို့ သိရပါတယ်။

သူ့ရဲ့ ပိုင်ဆိုင်မှုအောက်မှာ လက်စတာအသင်းဟာ ၂၀၁၆ ခုနှစ်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဖလား ချန်ပီယံဆုကို ဆွတ်ခူးခဲ့တဲ့အထိ အောင်မြင်မှုရခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly