ဆက်သွယ်ရေးကုမ္ပဏီများ အခွန်ဆောင်သည့်စာရင်းတွင် MPT မပါဝင်သည့်အပေါ် လွှတ်တော်အမတ် မေးခွန်းထုတ်

ဆက်သွယ်ရေးကုမ္ပဏီများ အခွန်ဆောင်သည့်စာရင်းတွင် MPT မပါဝင်သည့်အပေါ် လွှတ်တော်အမတ် မေးခွန်းထုတ်
Photo: MPT Showroom (Junction Square)

နေပြည်တော်(ဒီဇင်ဘာ ရရက်၊ ၂၀၁၈ခုနှစ်)။    ။ ဆက်သွယ်ရေးကုမ္ပဏီများ၏ အခွန်ဆောင်ထားသည့် စာရင်းတွင် MPT ပါဝင်လာခြင်း မရှိသည့်အပေါ် ဒီဇင်ဘာ ၆ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်အမတ်တစ်ဦးက မေးခွန်းထုတ်လိုက်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ပြည်ထောင်စုဝန်ကြီးဌာန၊အဖွဲ့အစည်း များ၏ ၂၀၁၇-၂၀၁၈ခုု၊ ဘဏ္ဍာ ရေးနှစ် ဒုတိယ ၆လပတ် အခွန်ကောက်ခံ ရရှိမှုအခြေအနေနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော် မတီ၏ လေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက်အစီရင်ခံစာ(၁၁/၂၀၁၈)တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးစဉ် ဆိတ်ကြီးခနောင်တိုမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်က မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လပတ် အခွန်ရငွေစာရင်းတွင် ဆက်သွယ်ရေးအော်ပရေတာများဖြစ်သည့် MPT၊ Telenorနှင့် Ooredoo ကုမ္ပဏီများ၏ ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်ပေးဆောင်မှုတွင် MPT မပါဝင်ကြောင်း ဦးတင်ထွန်းနိုင်က ထောက်ပြသည်။

"ကုန်သွယ်ခွန်ကိုလေ့လာကြည့်တဲ့အခါ တယ်လီနောမြန်မာကအများဆုံး။ဒုတိ်ယက အော်ရီဒူးပေါ့။အဲ့တော့ MPT ဆိုတာက ထိပ်တန်းအခွန်ဆောင်စာရင်း 1 to 10 ထဲမှာ ရှာကြည့်တယ် မတွေ့ဘူး။ အဲတော့ မတွေ့ တဲ့အခါကျ တော့ MPT သည် နဂိုတုန်းကတော့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကနေ အခုတော့ ဂျပန်က KDDI ကုမ္ပဏီနဲ့ ပေါင်းစပ်လုပ်လိုက် တယ်။ လုပ်လိုက်တဲ့အခါကျတော့ သူတို့နှစ်ခုက အခွန်ကို ဘယ်လိုဆောင် နေ တာတုန်းပေါ့။ တနည်းအားဖြင့် ကုန်သွယ်လုပ်ငန်းခွန်ဆိုတာ မဆောင်ဘဲနဲ့ ဖျက်သိမ်းထားလို့လည်း မရဘူး။ ကျွန်တော်တို့ ဖုန်းပြောခတွေ အပေါ်ကနေပြီး အင်တာနက်သုံးတာတွေ၊ Facebook အသုံးပြုတာတွေကနေပြီး သုံးစွဲသူတွေ ပေးဆောင်နေရ တဲ့ ၅ ရာခိုင်နှုန်းကို သူတို့လည်းကောက်နေပြီးတော့ ဒီအစီရင်ခံစာမှာ ဒါတွေနဲ့ ပတ် သက်ပြီး ပေးဆောင်ထားတဲ့ မှတ်တမ်းမှတ်ရာ မတွေ့ရဘူး၊မတွေ့ရတဲ့အတွက် ကျွန်တော့်အနေနဲ့ မေးခွန်းထုတ်တာ” ဟု ဦးတင်ထွန်းနိုင်က ပြောသည်။

ဆက်သွယ်ရေးအော်ပရေများ၏ ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်သည့် ဇယားတွင် တယ်လီနောက ကျပ်ဘီလီယံ ၅၀ ကျော်နှင့် နံပါတ်တစ်၊ အူရီဒူးက ကျပ်ဘီလီယံ ၅၀ အောက်် ပေးဆောင်ပြီး နံပါတ်နှစ် နေရာတွင် ပေးဆောင်ထားသော်လည်း MPT နှင့် မိတ်ဖက်ကုမ္ပဏီ KDDI(myanmar) တို့က စာရင်းတွင် ပါမလာသည့်အပေါ် ရှင်းရှင်းလင်းလင်းသိလိုကြောင်းလည်း ဦးတင်ထွန်းနိုင်က ထောက်ပြပြောဆိုသည်။

“ကျွန်တော်က ထိပ်တန်းအခွန်ဆောင်သူစာရင်း ထွက်လာတဲ့အပေါ် အခြေခံပြီး ဆွေးနွေးတာပါ။ သူတို့ တစ်ကယ် ဆောင်နေတာလား၊ ကျွန်တော်တို့ မသိတဲ့ပုံစံနဲ့ အခွန်ဆောင်နေတာလားတော့ သေချာမသိရဘူးပေါ့။ လွှတ်တော်အနေနဲ့တော့ အစိုးရက တရားဝင် ထုတ်ပြန်ထားတဲ့ အဓိကအခွန်နှစ်ခုပေါ့။ ဒီ Tele Communication ကုမ္ပဏီတွေဖြစ်တဲ့ တယ်လီနောတို့၊ အော်ရီဒူးတို့၊ နောက်နှစ်ဆို Mytel တို့ ပါလာတော့မယ်ဆိုတော့ ဒီကုမ္ပဏီလေးခုက အခွန်ဆောင်တဲ့အနေအထားကု ပွင့်လင်းမြင်သာရှိအောင် ေ ဆွးနွေးတာ” ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ပြည်ထောင်စုဝန်ကြီးဌာန၊အဖွဲ့အစည်း များ၏ ၂၀၁၇-၂၀၁၈ခုု၊ ဘဏ္ဍာ ရေးနှစ် ဒုတိယ ၆လပတ် အခွန်ကောက်ခံရရှိမှုစာရင်းအရ ဝင်ငွေခွန်ပေးဆောင်ရာတွင်လည်း တယ်လီနောက ကျပ်ဘီလီယံ ၈ဝကျော် ပေးဆောင်ထားပြီး MPT ၏ မိတ်ဖက်ကုမ္ပဏီဖြစ်သော KDDI summit Global Myanmar Co,Ltd က ကျပ်ဘီလီယံ ၃ဝအောက်သာ ပေးဆောင်ထားသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly