ကန့်ကွက်မှုရှိသည့် တိုင်းရင်းဆေးကောင်စီဥပဒေကြမ်း ပုဒ်မ ၁၅(စ) ကို ပြည်ထောင်စုလွှတ်တော် အတည်ပြု

ကန့်ကွက်မှုရှိသည့် တိုင်းရင်းဆေးကောင်စီဥပဒေကြမ်း ပုဒ်မ ၁၅(စ) ကို ပြည်ထောင်စုလွှတ်တော် အတည်ပြု
Photos: EPA

နေပြည်တော်(ဒီဇင်ဘာ ၆ရက်၊ ၂၀၁၈ခုနှစ်)။    ။ တိုင်းရင်းဆေး တက္ကသိုလ်ကျောင်းသား၊ကျောင်သူတချို့နှင့်တိုင်းရင်းဆေးသမားတော်အချို့ ကန့်ကွက်ထားသည့် တိုင်းရင်းဆေးကောင်စီဥပဒေကြမ်း၏ ပုဒ်မ၁၅(စ)ကို ပြည်ထောင်စုလွှတ်တေ်ာက ယနေ့ အတည်ပြုခဲ့သည်။ 

လွှတ်တော်နှစ်ရပ်သဘောထားကွဲလွဲသော  မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥပဒေကြမ်းကို တစ်ပိုဒ်ချင်းအတည်ပြုစဉ် အဆိုပါ ပုဒ်မ ၁၅(စ)ကိုလည်း ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ သဘောထားအတိုင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

 မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်းတွင် ပါဝင်သော အခန်း(၄)၊ ပုဒ်မ၁၅ ပုဒ်မခွဲ(စ)တွင် တိုင်း ရင်းဆေးဆရာ ဖြစ်ထိုက်သူ၏ အရည်အချင်းသတ်မှတ်ခြင်းဟုပါရှိပြီး အခန်း(၁၁) မြန်မာနိုင်ငံ တိုင်းရင်းဆေး ဆရာ မှတ်ပုံတင်ခြင်းအခန်း ပုဒ်မ(၃၁) ပုဒ်မခွဲ(ဂ) တွင် အထက်ပါအရည်အချင်းသတ်မှတ်ထားသူများကို တိုင်း ရင်း ဆေး ဆရာအဖြစ် မှတ်ပုံတင်ခွင့်၊ တနည်းအားဖြင့် (တဆ) ပေးခွင့် ပြုထားသည်။

ထိုပုဒ်မအား ထောက်ခံကြောင်း လွှတ်တော်အမတ်(၃)ဦးက ဆွေးနွေးခဲ့သလို နောက်ထပ် လွှတ်တော်အမတ်(၃)ဦးက ပယ်ဖျက်သင့်ကြောင်း ဆွေးနွေးခဲ့ကြသည်။

ထို့ကြောင့် မဲခွဲဆုံးဖြတ်ရာ ထောက်ခံဆန္ဒမဲ ၄၃၃မဲ၊  ကန့် ကွက်ဆန္ဒမဲ  ၉၄မဲနှင့် ကြားနေဆန္ဒမဲ ၇ မဲ ရရှိခဲ့ရာ ထောက်ခံဆန္ဒမဲများသည့် အတွက် ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း ယင်းပုဒ်မ အတည်ဖြစ်ကြောင်း လွှတ်တော်နာယက ဦးတီခွန်မြတ်က ဆုံးဖြတ်ခဲ့သည်။

ထိုပုဒ်မ ၁၅(စ)အား ပယ်ဖျက်ပေးရန် ဆွေးနွေးခဲ့သည့် မြင်းမူမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်အမတ်၊ ဦးစိုးစံ သက်ထွန်းက “ဒီပုဒ်မကိုထည့်သွင်းပြဌာန်းခြင်းဖြင့် နိုင်ငံတော်ကဖွင့်လှစ်သင်ကြား ပေးခဲ့တဲ့တိုင်းရင်းဆေးနဲ့ ဆိုင်တဲ့ ဘယ် ကျောင်းကိုမှ တက်ရောက်ခဲ့ခြင်းမရှိခဲ့တဲ့ တိုင်းရင်းဆေးနဲ့အသက်မွေးပါတယ်လို့ဆိုသူတွေဟာ မှတ်ပုံတင် ရလာမှာဖြစ်ပါတယ်။ ကျောင်းတွေ ကိုအချိန်ကုန်ငွေကုန် လူပင်ပန်းခံတက်ရောက်ခဲ့ရတဲ့ ကျောင်း သားတွေ နည်းတူ မှတ်ပုံတင်လက်မှတ်ရရှိလာမှာဖြစ်ပါတယ်။ စနစ်တကျသင်ကြား ပေးတာတွေမရှိလို့ ကျင့် ဝတ် တွေ ကိုလည်း အပြည့်အဝမသိကြတဲ့သူတွေဟာ ဘယ်စစ်ဆေးမှုမှမခံယူဘဲ  အထွေထွေရောဂါ ကုသခွင့် တွေ၊ အထူးကုသ ခွင့်တွေ တိုင်းရင်းဆေးဝါးတွေထုတ်လုပ်တဲ့အခါမှာကြီးကြပ်ခွင့်တွေရရှိလာမှာဖြစ်တယ်" ဟု ပြောသည်။

တိုင်းရင်းဆေးဆရာ မှတ်ပုံတင်လက်မှတ်ကို ပညာရပ်ပိုင်းဆိုင်ရာ အာမခံချက်ရှိသောဘွဲ့လက်မှတ်မရှိဘဲ တိုင်းရင်းဆေး ကောင်စီတစ်ခုတည်း၏ ဆုံးဖြတ်ချက်ဖြင့် ခွင့်ပြုပေးမည်ဆိုပါက တိုင်းရင်းဆေးလောကကို အများပြည်သူ အယုံအကြည်မဲ့သွားမည်ဟု နွးထိုးကြီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးနိုင်ထူးအောင်ကလည်း ဆွေးနွေးခဲ့သည်။

“ဒီပုဒ်မဟာ ဘာနဲ့တူလဲဆိုရင် သူခိုးပူနေတဲ့အချိန်မှာ အကိုကြီး မိုးချုပ်မှပြန်လာမယ်ဆိုပြီး ညီလေးကညခင်းမှာ တံခါးကြီးဖွင့်ပေးထားတာ နဲ့တူနေပါတယ်။ အကိုကြီးပြန်မလာခင်သူခိုးခိုးတာခံရနိုင်ပါတယ်.အကိုကြီးပြန်လာမှ တံခါးထဖွင့်ပေးတာကောင်းပါတယ်။ ဥပဒေမှာလည်း ပုဒ်မ ၁၅(စ)က တံခါးဖွင့်ပေးထားသလိုဖြစ်နေ ပါ တယ်. တကယ်တော့လိုအပ်ရင် တံခါးထဖွင့်ရအောင်လည်းဒီဥပဒေမှာပါပြီးသားဖြစ်တယ်။ လက်ရှိအနေ အထားအရ လို အပ်မှသာတံခါးထဖွင့်သင့်တာမို့ အပိုဒ် ၁၅(စ)ကိ်ု ပယ်ဖျက်ပေးစေလိုပါတယ်"  ဟု ၎င်းက လွှတ်တော်တွင် ပြောသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီး၊ ဒေါက်တာမြင့်ထွေးကမူ အထက်ပါကိစ္စသည် ကျယ်ပြန့်ပြီး တိုင်းရင်းဆေးတက္ကသိုလ်မှ ဘွဲ့ရရှိသူများကိုသာ ဆေးကုသခွင့်ပြုမည်ဆိုပါက ယခင်ရှိခဲ့သည့် သမားတော်ကြီးများကို  စဉ်းစားရန်လို အပ်မည်ဖြစ်ပြီး မျှမျှတတဖြစ်စေလိုကြောင်း သဘောထားမှတ်ချက် ပေးခဲ့သည်။

 ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက် တာ မြတ် ဉာဏစိုးကလည်း "အားလုံးစိုးရိမ်နေတာကသူသူုငါငါ တိုင်းရင်းဆေးကောင်စီက ဥုံဖွ တိုင်းရင်းဆေးဆရာဖြစ်စေဆိုပြီး တိုင်းရင်း ဆေးဆရာဖြစ်ထိုက်သည်လို့ တံဆိပ်ကပ်ပေးလိုက်တာနဲ့တိုင်းရင်းဆေးဆရာတွေပေါ်ပေါက်လာမှာကို စိုးရိမ် နေတယ်ဆိုတာကို နားလည်ပါတယ်။ ဒါပမယ့် တိုင်းရင်းဆေး ဆရာဖြစ်ထိုက်ရမယ့်ပုဂ္ဂိုလ်ရဲ့ အရည်အချင်း သတ်မှတ်ပေးရမှာက တိုင်းရင်းဆေးကောင်စီပါ"  ဟု ကော်မတီ၏ သဘောထားကို လွှတ်တော်တွင် ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required