မြန်မာသာသနာရေးဝန်ကြီးကို အရေးယူပေးရန် ဘင်္ဂလားဒေ့ရှ် တောင်းဆို

By ချန်နယ်နယူးစ်အေရှား
06 December 2018
မြန်မာသာသနာရေးဝန်ကြီးကို အရေးယူပေးရန် ဘင်္ဂလားဒေ့ရှ် တောင်းဆို

ဒီဇင်ဘာ ၆ ။         ။ မြန်မာနိုင်ငံ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး၏ ဘင်္ဂါလီမွတ်စလင်များနှင့် ပတ်သက်ပြီး ပြောဆိုချက်များကို  ရှုတ်ချကြောင်းနှင့် ၎င်းဝန်ကြီးကို အရေးယူပေးရန် မြန်မာသံအမတ်ကြီးကို ဒီဇင်ဘာ ၅ ရက်၌ ဆင့်ခေါ်ကာ တိုက်တွန်းပြောဆိုခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာန အကြီးတန်း တာဝန်ရှိသူများက ပြောသည်။

မြန်မာနိုင်ငံကနေပြီး ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများ၌ ရောက်ရှိနေကြသော ဘင်္ဂါလီမွတ်စလင်များ( မူရင်း ရိုဟင်ဂျာ ဖော်ပြ) က ဗုဒ္ဓဘာသာအများစုဖြစ်သော မြန်မာနိုင်ငံသို့ ချီတက်ရန် ဦးနှောက်ဆေးခံနေကြလျက် ရှိသည်ဟု သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက ပြောခဲ့သည့် ဗီဒီယိုကို NewsWatch သတင်းဝက်ဘ်ဆိုက် မှ ထုတ်လွှင့်ခဲ့သည့်အပေါ် အခြေခံကာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“သူတို့ ဝန်ကြီးရဲ့ လှုံ့ဆော်သလို ပြောဆိုတဲ့ မှတ်ချက်ပြုစကားကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက် တယ်။ ဒီ ပြောဆိုချက်ဟာ မွတ်စလင်တွေရဲ့ ရပ်တည်ချက်ကို ထိခိုက်စေတယ်။”ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ရိုက်တာသို့ ဒီဇင်ဘာ ၆ ရက်၌ ပြောခဲ့သည်။

မြန်မာနိုင်ငံသို့ ချီတက်မည်ဆိုသော ပြောဆိုချက်များကို ရှုတ်ချရင်း “ကျွန်တော်တို့ဟာ ရန်လိုမှုတွေဆီ ဦးတည်မှာကို လုံးလုံး သည်းမခံဘူး။ ဘယ်တုန်းကမှလည်း အားပေးအားမြှောက် မလုပ်ဘူး။”ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

“ဒုက္ခသည်တွေကို နိုင်ငံသားပေးရင်၊ သူတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို ပြန်ပေးရင် သူတို့ဟာ မြန်မာနိုင်ငံဆီ သွားကြမှာပဲ ဖြစ်တယ်။ ဒီလို ဖြစ်ရမယ့်အစား ဆွပေးနေသလားပဲ။ ဒါဟာ မသင့်တော်ပါဘူး။”ဟု ၎င်းက ပြောသည်။

မြန်မာသံအမတ်ကြီး ဦးလွင်ဦးကို ဘင်္ဂလားဒေ့ရှ်က သမ္မန်ဆင့်ခေါ်ချိန်၌ ၎င်းက “ဝန်ကြီးပြောသည့်စကားမှာ ၎င်း၏ ထင်မြင်ယူဆချက်သာ ဖြစ်ကြောင်း” ပြောဆိုလျက် အပြစ်ဖော့ပြောဆိုရန် ကြိုးစားခဲ့ကြောင်း တွေ့ဆုံမှုမှာ ပါဝင်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင််ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒါပေမယ့် ဒီဝန်ကြီးကို အရေးယူပေးဖို့ ကျွန်တော်တို့ဖက်က တိုက်တွန်းခဲ့ပါတယ်။”ဟု ၎င်းက ပြောခဲ့သည်။

ယခုကဲ့သို့ သာသနာရေး ဝန်ကြီး၏ မှတ်ချက်ပြုစကားသည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအကြား ဒုက္ခသည်များ နေရာပြန်လည်ချထားရေးအတွက် တစ်နှစ်ကျော် စေ့စပ်ဆွေးနွေးပြီး သဘောတူညီ လုပ်ဆောင်နေလျက်ရှိစဉ် ပြောဆိုလာခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly