အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာအတိုင်း ပြတ်သားစွာဆောင်ရွက်သွားမည်ဟု ကော်မရှင်ဥက္ကဋ္ဌ ပြော

By ရဲနိုင်(လောက်ကိုင်)
06 December 2018
အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာအတိုင်း ပြတ်သားစွာဆောင်ရွက်သွားမည်ဟု ကော်မရှင်ဥက္ကဋ္ဌ ပြော
 ဓာတ်ပုံ - Phyo Min Thein Page

ရန်ကုန်၊ ဒီဇင်ဘာလ ၆ ။        ။ နိုင်ငံတော်၏ ဂုဏ်သိက္ခာအား ငဲ့သည့်စိတ်နှင့် အများပြည်သူ ရေရှည်အကျိုးစီးပွားအတွက် အဂတိလိုက်စားမှု ကို တိုက်ဖျက်ရန် အောင်မြင်အောင် သန္တိဋ္ဌာန်ချပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာအတိုင်း ပြတ်ပြတ်သားသား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဂတိလိုက်စားတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားလိုက်သည်။

ဒီဇင်ဘာလ ၆ ရက်၊ ရန်ကုန်မြို့၊ Rose Garden Hotel တွင် ကျင်းပပြုလုပ်ခဲ့သည့် “ အဂတိလိုက်စားမှု တားဆီးကာကွယ်ဖို့ တာဝန်ယူမှုမြှင့်တင်ကြပါစို့”ဖိုရမ်တွင် အဖွင့်အမှာစကားပြောကြားရာ၌ ကော်မရှင် ဥက္ကဋ္ဌက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ ကနဦးအနေနဲ့ ငါးကြီးကြီးကို ကြော်ပြရပါတယ်။ ငါးကြီးကြီးကြော်နေတုန်းမှာပဲ သစ်ပင်ရဲ့ အနိမ့်ကိုင်းမှာ သီးနေတဲ့ အသီးပုပ်တွေကိုလည်း ရနိုင်သလောက် လှမ်းပြီး ခြွေချနေရပါတယ်။ အဂတိလိုက်စား မှုတိုက်ဖျက် ရေးကို တကယ်လုပ်လာပြီးဆိုရင် ဘယ်နိုင်ငံမှာမဆို ဒီလိုစိတ်မချမ်းမြေ့စရာ အတွေ့အကြုံတွေကို မလွဲမသွေ ဖြတ်ကျော်ကြရမှာပါပဲ။ နိုင်ငံတော်ရဲ့ဂုဏ်သိက္ခာကို ငဲ့တဲ့စိတ်နဲ့၊ အများပြည်သူရဲ့ ရေရှည်အကျိုးစီးပွားအတွက် အဂတိလိုက်စားမှုကို အောင်မြင်အောင် တိုက်ဖျက်နိုင်ရမယ်ဆိုတဲ့ သန္တိဋ္ဌာန်စိတ်နဲ့ ကျွန်တော်တို့ဟာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာအတိုင်း ပြတ်ပြတ်သားသား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်ကပြောသည်။

ထိုသို့ လုပ်ဆောင်မှသာ ပြည်သူလူထု၏ မျှော်လင့်ချက်မှာ တိုးတက်ပြောင်းလဲလာမည်ဖြစ်ပြီး တာဝန်ယူ မှုမြှင့်တင်ရေးအပိုင်းများကို အစိုးရဌာနအဖွဲ့အစည်းများ၊ အများပြည်သူသက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအပြင် နိုင်ငံသားအားလုံး မြှင့်တင်ကြရမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။

“ နိုင်ငံသားတွေက အဂတိလိုက်စားမှုတွေ ဘယ်နေရာမှာဖြစ်နေသလဲ၊ ဘယ်လိုစနစ်မျိုးနဲ့ ဖြစ်နေသလဲ၊ သူတို့သိကြပါတယ်။ သူတို့ရသင့်ရထိုက်၊ ခံစားသင့်ခံစားထိုက်တဲ့ နိုင်ငံတော်က ပေးနေတဲ့ ဝန်ဆောင်မှုတွေကို အဂတိလိုက်စားသူတွေက  ဘယ်ပုံဘယ်နည်းနဲ့ ပုံပျက်ပန်းပျက် ဖြစ်အောင်လုပ်ပြီး လျော့နည်းဆုံးရှုံးစေခဲ့သလဲ၊ ဒါကိုလည်း  သူတို့သိကြပါတယ်”ဟု ဦးအောင်ကြည်က ပြောသည်။

အဂတိလိုက်စားမှုကင်းရှင်းစေရေးအတွက် မိမိအလုပ်ဌာနနှင့် မိမိကိုယ်တိုင် တာဝန်ယူမှုမြှင့်တင်ခြင်းမှာ တစ် နိုင်ငံလုံးတွင် ပျံ့နှံ့နေသည့် အဂတိလိုက်စားမှုစနစ်အား တိုက်ဖျက်ရမည့် မဟာဗျူဟာ၏ မရှိမဖြစ် ပင်မကျောရိုး ဖြစ်ကြောင်းလည်း အဂတိလိုက်စားတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က“ အဂတိ လိုက်စားမှု တားဆီးကာကွယ်ဖို့ တာဝန်ယူမှုမြှင့်တင်ကြပါစို့”ဖိုရမ်၏ အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားသွား ခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် နေပြည်တော်ရှိ ကော်မရှင်ရုံးအပြင် ရန်ကုန်တိုင်းဒေသကြီး၌လည်း ကော်မရှင်ရုံးခွဲတစ်ခုကို ဖွင့်လှစ်ရန် စီစဉ်နေကြောင်း လက်ရှိတွင် ကမာရွတ် မြို့နယ်အတွင်းဖွင့်လှစ်ရန်လျာထားကြောင်း သိရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required