မုံရွာမြို့နယ် NLD ဒုဥက္ကဋ္ဌအား ချင်းတွင်းမေတ္တာကူညီကယ်ဆယ်ရေး ပရဟိတအသင်းမှ တရားစွဲရန် တရားရုံးသို့ ဦးတိုက်လျှောက်ထား

မုံရွာမြို့နယ် NLD ဒုဥက္ကဋ္ဌအား ချင်းတွင်းမေတ္တာကူညီကယ်ဆယ်ရေး ပရဟိတအသင်းမှ တရားစွဲရန် တရားရုံးသို့ ဦးတိုက်လျှောက်ထား

စစ်ကိုင်း၊ ဒီဇင်ဘာ ၆ ။       ။ စစ်ကိုင်းတိုင်ဒေသကြီး၊ မုံရွာမြို့နယ် အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်၊ ဒုဥက္ကဋ္ဌအား NLD ရပ်ကျေး ပါတီဝင် တချို့ဖြင့် ဖွဲ့စည်းထားသည့် ချင်းတွင်းမေတ္တာကူညီကယ်ဆယ်ရေး ပရဟိတအသင်း(မုံရွာ)မှ မဟုတ်မမှန် ပုတ်ခတ်စွပ်စွဲခြင်း၊ခြိမ်းခြောက်ခြင်း၊သရေဖျက်ခြင်း စသည့် အသင်း၏ ဂုဏ်သိက္ခာထိခိုက်အောင် စာများဖြန့်ဝေ မှုအတွက် ပုဒ်မ ၅၀၀/ ၅၀၁/၅၀၆ ဖြင့် တရားစွဲဆိုရန် ဒီဇင်ဘာ ၆ ရက်နေ့၌ တရားရုံးသို့ ဦးတိုက်လျှောက်ထား ခဲ့ကြောင်း အသင်းဥက္ကဋ္ဌမှ မဇ္ဈိမသို့ ပြောသည်။

မြို့နယ်ဒုဥက္ကဋ္ဌသည် နိုဝင်ဘာ ၃၀ ရက်နေ့ရက်စွဲပါ NLD ရပ်/ကျေးအချို့ ပြင်ပလူများနှင့် ပူးပေါင်း၍ တည် ထောင်ထားသော ချင်းတွင်းမေတ္တာလူမှုရေးအသင်းမှ မုံရွာမြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့အပေါ် တိုက်ခိုက်နေမှုအား သတိပေးခြင်း ခေါင်းစဉ်ဖြင့် ဒီဇင်ဘာ ၁ ရက်နေ့တွင် NLD ပါတီ မြို့နယ်နှင့် ရပ်ကျေး အစည်းအဝေးတွင် ရပ်/ကျေး ကိုယ်စားလှယ်(၃၀)ဦးခန့်အား ပေးဝေခဲ့ကြောင်း သိရသည်။

" အဲ့ဒီစာကို ကျွန်တော်တို့ဆီတိုက်ရိုက်မပို့ပဲ အခြားရပ်ကျေးကိုယ်စားလှယ်တွေဆီကို ပို့တာဟာ ကျွန်တော်တို့ အသင်းရဲ့ဂုဏ်သိက္ခာညှိးနွမ်းအောင် ရည်ရွယ်ချက်ရှိရှိ လုပ်တာပဲ။ အဲ့ဒီအတွက်တရားစွဲတာပါ။ အသင်းမှာက ပါတီဝင်အသင်းသားကြီးထဲ မဟုတ်ဘဲပြင်ပလူတွေလည်းပါတော့ တရားစွဲမှပဲ ပြင်ပလူတွေကကျေနပ်လိမ့်မယ်။ နောက်ပြီးတော့ ပြဿနာရှိတာက သူဖြန့်တဲ့စာမှာ ပါတီရဲ့ စည်းတံဆိပ်ကြီးပါတယ်။ ဒီစည်းတံဆိပ်သုံးခြင်းဟာ မြို့နယ် ECတွေကို အစည်းအဝေးမခေါ်ပဲ သူသဘောနဲ့သူ ရိုက်ပြီးဖြန့်တာ။ အဲ့တာကတော့ ပါတီပိုင်းဆိုင်ရာက အရေးယူပါလိမ့်မယ် " ဟုချင်းတွင်းမေတ္တာကူညီကယ်ဆယ်ရေးပရဟိတအသင်း (မုံရွာ)မှ ဥက္ကဋ္ဌ ဦးမောင်မောင်သောင်းမှ ဆိုသည်။

မြို့နယ် ဒုဥက္ကဋ္ဌ ဖြန့်ဝေခဲ့သည့် စာတွင် "ချင်းတွင်းမေတ္တာအား မသက်ဆိုင်သည့်ကိစ္စများတွင် ပါဝင် စွက်ဖက် ခြင်းမပြုရန် ပြင်းထန်စွာ သတိပေးခြင်း၊ ဥက္ကဋ္ဌကြီးအနေဖြင့် ဥဏ်မမှီ၍ နားမလည်သလား၊ ပြည်သူ နှင့်ရပ်/ ကျေးများ မြို့နယ်အဖွဲ့စည်းများအပေါ် အထင်လွဲစေရန် တိုက်ခိုက်ချင်သောကြောင့် နားမလည်ယောင် ဆောင် နေသလား ဥက္ကဋ္ဌကြီး အသိဆုံးဖြစ်ပါလိမ့်မည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်အောင်အား ဝန်းရံ နေသည်မှာလည်း မှားနေသည်။ အသင်းဝင် ဦးနေဦးနှင့် ဦးဝင်ကိုကိုတို့သည် NLD ပါတီဝင် မဖြစ်သည့် အသင်း ဝင်ဝန်းရံပြည်သူ ဒေါ်ရီရီမြင့်အား ဆုံးမပေးရန်နှင့် လူမှုကွန်ယက်စာမျက်နှာတွင် NLD အလုပ်အမှုဆောင် ပါတီ ဝင်များအား တိုက်ခိုက်ရေးသားထားသည်ဟုသော ရေးသားချက်ဓာတ်ပုံများ ပါဝင်ကြောင်း သိရသည်။

 အဆိုပါကိစ္စများနှင့်ပက်သက်၍ မုံရွာမြို့နယ် NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါ်ခင်ဆွေဝင်းအား ဆက်သွယ်မေးမြန်းရာ

"တရားရုံးက လက်ခံတယ် လက်မခံဘူးဆိုတာ ရှိသေးတယ်။ အန်တီတို့က ဒီစာတွေကိုဝန်ကြီးချုပ်တို့ တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဋ္ဌတို့ဆီကိုလဲ ပို့ထားတယ်။ သူတို့ရဲ့ သဘောတူညီချက်အရ ထုတ်ပြန် ထားတာလေ။ အန်တီက NLD ပါတီဥက္ကဋ္ဌလေ။ ဥက္ကဋ္ဌတစ်ယောက်က ရပ်ကျေးဆီ ပို့တဲ့စာကို တရားစွဲတယ် ဆိုတော့ တရားရုံးကလက်ခံတယ်၊ လက်မခံဘူးဆို စောင့်ကြည့်ရဦးမယ်။ ချင်းတွင်းမေတ္တာ ဆိုသော်လည်း အန်တီတို့ ပါတီဝင်တွေကို ပါတီဝင်တွေမို့ အကြောင်းကြားရတာပါ။ အဲ့ဒါကို သူတို့က လုပ်လိုက်တယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

 ချင်းတွင်းမေတ္တာအဖွဲ့အနေဖြင့် ယခုကိစ္စနှင့် ပက်သက်၍ တရားစွဲဆိုရန် NLD ပါတီ ဗဟိုရုံးချုပ်သို့သွားရောက် တွေ့ဆုံခြင်း၊ NLDပါတီ ခရိုင်၊တိုင်း၊ဗဟို၊ တိုင်းနဲ့ စီခန့် စည်းကမ်းထိန်းသိမ်းရေးအား ပါတီအတွင်းအနေဖြင့် တိုင်တန်းထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly