ကချင်စစ်ရှောင် ၇ သောင်းကျော် အခြေခံစားသောက်ကုန် အခက်ခဲကြုံနေ

ကချင်စစ်ရှောင် ၇ သောင်းကျော် အခြေခံစားသောက်ကုန် အခက်ခဲကြုံနေ

ရန်ကုန်၊ ဒီဇင်ဘာ ၆ ။            ။ တရုတ်ပြည်သူ့သမ္ပတနိုင်ငံဘက်မှ စစ်ရေးလေ့ကျင့်နေတာကြောင့် နယ်စပ်တစ်လျှောက် ရိက္ခာများ ဖြတ်သန်း ပို့၍မရဘဲ မြန်မာ-တရုတ် နယ်စပ်တစ်လျှောက်တွင်ရှိသည့် စစ်ရှောင်စခန်းများမှ ကချင်စစ်ရှောင် ၇ သောင်း ကျော်သည် အခြေခံစားသောက်ကုန် အခက်အခဲများကြုံတွေ့နေရကြောင်းသိရသည်။

“ နယ်စပ်တစ်လျှောက်မှာရှိတဲ့ ကန့်တွေမှာအရင်ပို့နေကျရိက္ခာတွေပေါ့အဲ့တာတွေကို တရုတ်ဘက်က ပိတ်ထားခြင်းခံရတယ်။ ကျွန်တော်တို့လည်း မတတ်နိုင်ဘူး။ အခုက ၂ ပတ်လောက်ရှိလာပြီဆိုတော့လည်း ကျွန်တော်တို့ဘက်မှာ ခက်ခဲမှုတွေရှိလာတယ်။ ဆန်တွေ၊ အခြေခံစားသုံးကုန်ပေါ့” ဟု ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က ဒေါက်တာဆမ်ဆွန် ကပြောသည်။

ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များအတွက် စားနပ်ရိက္ခာနှင့် အနွေးထည်များအရေးပေါ် လိုအပ်နေပြီး စစ်ရှောင်ကူညီစောင့်ရှောက်ရေးအဖွဲ့များနှင့် ကချင်ဘာသာရေးအဖွဲ့အစည်းများမှ အစည်းအဝေး တစ်ရပ် ပြုလုပ်ကာ စားနပ်ရိက္ခာများပြန်လည် ပို့ဆောင်နိုင်ရေးဆောင်ရွက်သွားမည်ဟုလည်း ၄င်းကဆိုသည်။

မြန်မာ-တရုတ်နယ်စပ်တစ်လျှောက်ရှိ စစ်ဘေးရှောင်စခန်းများသို့ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်း များမှ စားနပ်ရိက္ခာများပေးပို့ ကူညီနေပြီး လက်ရှိတွင် ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲရှိ နယ်စပ်တစ်လျှောက် ၌ စစ်ဘေးဒုက္ခသည် ၈သောင်းနီးပါးရှိပြီး အစိုးရထိန်းချုပ်နယ်မြေထဲတွင် စစ်ဘေးဒုက္ခသည် ၆သောင်းကျော် ရှိနေခြင်းလည်း ဖြစ်သည်။

တရုတ်-မြန်မာနယ်စပ်တွင်ရှိသည့် စစ်ဘေးရှောင်စခန်းများမှ ဒုက္ခသည်များသည် စားဝတ်နေရေး အခက် အခဲကြောင့် တရုတ်ပြည်သို့တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်ပြီး စားဝတ်နေရေးအတွက် ရှာဖွေ စားသောက်နေရသော အခြေအနေများလည်းရှိနေကြောင်းသိရသည်။

တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) တို့ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် ဒေသခံအများစုမှာ နေရပ်စွန့်ခွာလာခဲ့ရခြင်းဖြစ်ပြီး အချို့မှာ နေရပ်မပြန်နိုင်သည်မှာ ၆ နှစ်ခန့်ထိရှိလာပြီလည်းဖြစ်သည်။ လက်ရှိ တွင် တပ်မတော်နှင့် KIA တို့ တိုက်ပွဲများလျော့ချပြီး နိုင်ငံရေးဆွေးနွေးမှုများပြုလုပ်ရန် ကြိုးစားနေကြ သော်လည်း သိသာထင်ရှားသည့် တိုးတက်မှုမျိုးမတွေ့ရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly