နေမာကို ဝေဖန်လိုက်ပြီး မာရာဒိုနာက မက်ဆီထက် ပိုကောင်းတယ်လို့ ပြောလိုက်တဲ့ ပီလီ

နေမာကို ဝေဖန်လိုက်ပြီး မာရာဒိုနာက မက်ဆီထက် ပိုကောင်းတယ်လို့ ပြောလိုက်တဲ့ ပီလီ
Photo: EPA

ဆော်ပေါ်လို၊ ဒီဇင်ဘာ ၆ (efe-epa) ။     ။ ဘရာဇီးဂန္တဝင် ကစားသမားကြီး ပီလီက အင်တာဗျူးတစ်ခုမှာ နေမာကို ဝေဖန်လိုက်ပြီး အာဂျင်တီးနားရဲ့ မာရာဒိုနာဟာ ကွင်းတွင်းမှာ မက်ဆီထက် ပိုကောင်းခဲ့တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

“နေမာအနေနဲ့ ဘောလုံးပြင်ပက ဝေဖန်မှုတွေကြောင့် ဒါဟာ သူ့ကို ကာကွယ်ဖို့ ခက်ခဲပါတယ်။ ကျနော် သူနဲ့ စကားပြောခဲ့ပြီး ဘောလုံးမှာ သူ့ရဲ့ စွမ်းရည်တွေကိုသာ ပိုထုတ်သုံးဖို့ အသိပေးခဲ့ပါတယ်။ သူဟာ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခြင်း မရှိလို့ ကံဆိုးခဲ့ပြီး ဝေဖန်ခံခဲ့ရပါတယ်။”လို့ ပီလီက ဘရာဇီးသတင်းစာ Folha de Sao Paulo ကို ပြောခဲ့ပါတယ်။

“ကျနော် သူနဲ့ ဥရောပမှာ ၂ ခါလောက် တွေ့ခဲ့ပါတယ်။ ကျနော်တို့ စကားပြောဆိုခဲ့ပြီး ဘောလုံးမှာ ဘုရားသခင်က မင်းကို လက်ဆောင်တစ်ခု ပေးလိုက်ရဲ့သားနဲ့ မင်းက ရှုပ်ထွေးခက်ခဲအောင်လုပ်ဆောင်နေတာပဲလို့ ကျနော် သူ့ကို ပြောခဲ့ပါတယ်။”လို့ ပီလီ ဆိုပါတယ်။

ဒါပေမယ့် ပီလီက နေမာဟာ ပြင်သစ်အသင်းနဲ့အတူ ဒီနှစ်ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ သူ့ရဲ့ ပီအက်စ်ဂျီအသင်းဖော် အမ်ဘာပေထက် ပိုကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်လို့ ဆိုပြန်ပါတယ်။

“နေမာဟာ ဘာပေထက် ပိုကောင်းတဲ့ ကစားသမားလို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် ဥရောပမှာတော့ လူတိုင်းက ဘာပေအကြောင်းကို ပိုပြောကြပါတယ်။”လို့ သူက ပြောပါတယ်။

မကြာသေးတဲ့ နှစ်များအတွင်းက ပီလီနဲ့ မာရာဒိုနာတို့အကြား နားလည်မှုအချို့ လွဲမှားမှုရှိပေမယ့် သူဟာ မာရာဒိုနာနဲ့ ပြီးပြည့်စုံတဲ့ ဆက်ဆံရေးမျိုးရှိတယ်လို့ ပြောပါတယ်။

အဆိုပါအင်တာဗျူးမှာတော့ ပီလီက ဘာစီလိုနာကြယ်ပွင့် မက်ဆီကို မာရာဒိုနာရဲ့အောက်ထစ် အဆင့်လို့ သတ်မှတ်ခဲ့ပါတယ်။

“ကျနော် သိထားသလောက်၊ မာရာဒိုနာက အကောင်းဆုံးကစားတွေထဲက တစ်ယောက်အမြဲဖြစ်ခဲ့ပါတယ်။ မက်ဆီထက် သူပိုကောင်းခဲ့သလားလို့ ခင်ဗျာ မေးမယ်ဆိုရင် ဟုတ်တယ်၊ မာရာဒိုနာပါပဲ။ သူအများကြီး ကောင်းပါတယ်။ ဘက်ကင်ဘောင်ဝါ၊ ယိုဟန်ခရိုက်တို့ကလည်း ပိုကောင်းကြပါတယ်။ သူတို့ဟာ အလွန်ကောင်းမွန်တဲ့ ကစားသမားတွေပါပဲ။”လို့ ပီလီက အလေးအနက်ပြေကြားခဲ့ပါတယ်။

အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ဂန္တဝင်ကစားသမားကြီးဟာ မကြာသေးခင် နှစ်တွေက ၃ ကြိမ် ခွဲစိတ်ကုသမှုခံယူခဲ့ပါတယ်။ သူ့ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ သူက “၁၀၀ ရာခိုင်နှုန်း”ပြည့် ကောင်းမွန်တယ်လို့ ပြောဆိုပါတယ်။

“ကျနော် နောက်ထပ်ဘာမှ နာကျင်မှု မခံစားရတော့ပါဘူး။ ဒါပေမယ့် အားနည်းမှုတစ်ချို့တော့ ခံစားမိပါတယ်။ ကျနော်မှာ ကောင်းမွန်တဲ့ ခြေထောက်တွေရှိတယ်။ ကြည့်ပါအုံး အခုဘယ်လိုနေလဲဆိုတာ”လို့ ဘရာဇီးအသင်းနဲ့အတူ ၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀ ခုနှစ်တွေမှာ ကမ္ဘာ့ဖလားဆုဖလား ကိုင်မြှောက်ခဲ့တဲ့ ပီလီက ပြောပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly