မကွေးမြို့အိမ်ခြံမြေစျေးကွက် ကျပ်သိန်း ၂ဝဝအောက်များ အရောင်းအဝယ်သွက်နေ

မကွေးမြို့အိမ်ခြံမြေစျေးကွက် ကျပ်သိန်း ၂ဝဝအောက်များ အရောင်းအဝယ်သွက်နေ

မကွေး၊ ဒီဇင်ဘာ ၆ ။            ။ ၂၀၁၇ခုနှစ်အတွင်း အရောင်းအဝယ်ကျဆင်းခဲ့သော မကွေးအိမ်ခြံမြေစျေးကွက်သည် ၂၀၁၈ခုနှစ် ဆောင်းဦး ကာလတွင် အရောင်းအဝယ်များပုံမှန်ကောင်းမွန်လာခဲ့ပြီး ကျပ်သိန်း ၂၀၀ အောက် ၀ိုင်းများ အရောင်းအဝယ် သွက်နေကြောင်း စျေးကွက်အတွင်းမှ သိရသည်။

“ အောင်မေတ္တာရပ်ကွက်က သိန်း၂ဝဝအောက်ဝိုင်းလေးတွေ အရောင်းအဝယ်သွက်တယ်။ သိန်း ၁၅၀၀ တန် လောက်ကနေ ၃၀၀၀ တန်ဝိုင်းတွေကတော့ လေးငါးလလောက်မှ တစ်ကြိမ်၊နှစ်ကြိမ် အရောင်းအဝယ် ဖြစ်ကြ တယ်။ ခုနှစ်ပိုင်းမှာ နေထိုင်ဖို့အတွက် ဝယ်ကြတဲ့သူများတယ်။” ဟု မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အသင်း(မကွေး)မှ အတွင်းရေးမှူး ဦးကြည်ဇော်လင်း က ပြောသည်။

ယခုနှစ်အတွင်း မကွေးမြို့သစ္စာလမ်းပေါ်ရှိမြေကွက်များ ကျပ်သိန်း ၂၀၀၀ ဝန်းကျင်ဖြင့် အဝယ်လိုက်ခဲ့ပြီး အထက(၁) လမ်း ပေါ်ရှိ၀ိုင်းမြေများမှာ စျေးကွက်ဝယ်လိုအားကောင်းနေကြောင်း ၊ လူနေထိုင်ခွင့်ရှိသည့် ပါမစ်မြေ ၊ ဂရန်မြေ များကိုသာဝယ်ယူသူများကဝယ်ယူမှုများရှိနေပြီး ယာမြေများ၌ အခြားနည်းသုံးစွဲခွင့် ရ၊မရ မသေချာခြင်းကြောင့် ယခုနှစ်အတွင်း ယာမြေကို ဧက ပြတ် နှင့် အကွက်ရိုက်ရောင်းဝယ်မှုများ စျေးကွက်အေး သွားကြောင်း သိရသည်။

“ဝယ်ယူသူများအနေနဲ့ မိမိတို့ရဲ့ငွေကြေး၊ပိုင်ဆိုင်မှုများ ဆုံးရှုံးနစ်နာမှုမဖြစ်စေဖို့ မြေစာ ရင်းနဲ့ စည်ပင်ရုံး များမှာ မြေချထားမှု နဲ့ ငွေသွင်းချလံ မှန်ကန်မှု ရှိ၊မရှိအပေါ် ဂရုတစိုက်စစ်ဆေးသင့်ပါတယ်။ တိုင်ပင်ချင်တယ်။ အကြံတောင်း ချင်တယ်ဆိုရင်လည်း အသင်းရုံးကိုလာရောက်ဆက်သွယ်နိုင်ပါတယ် ” ဟု မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း(မကွေး)မှ ဥက္ကဋ္ဌ ဦးဝင်းဇော် က ပြောသည်။

၂၀၀၆-၂၀၀၇ ခုနှစ်ခန့်တွင် စတင်စျေးကောင်းလာခဲ့သော မကွေးအိမ်ခြံမြေစျေးကွက်သည် ၂၀၁၂ခုနှစ်၌ အဝယ်၊အရောင်းအသွက်ဆုံး ကာလများဖြစ်ခဲ့ပြီး စတင်စျေးကစားလာချိန်မှစ၍ လက်ရှိကာလထိ ဆယ်ဆ ကျော် စျေးနှုန်းမြင့် တက်လာခဲ့ကြောင်း ၊ လက်ရှိ ပေ၄၀၊ပေ ၆၀ မြေစျေးမှာ ပြည်တော်သာလမ်း၌ သိန်း၄၀၀၀ ဝန်းကျင်၊ အထက(၁)လမ်း၌ သိန်း ၂၀၀၀ ဝန်းကျင်ဖြစ်ပြီး အထက(၁) လမ်း နှင့် ပြည်တော်သာ လမ်းများပေါ်ရှိ (သစ္စာလမ်းနှင့်မေတ္တာလမ်း ဘလောက်ကြား) စျေးကွက်မှာလမ်း၏ အခြားဘလောက်စျေးများထက် စျေးနှုန်းပိုမြင့်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required