ရန်ကုန်မြို့သစ်စီမံကိန်းအတွက် မကြာခင် တင်ဒါခေါ်ယူသွားမည်ဟု ထုတ်ပြန်

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် မကြာခင် တင်ဒါခေါ်ယူသွားမည်ဟု ထုတ်ပြန်

ရန်ကုန် ၊ ဒီဇင်ဘာ ၆ ။             ။ ရန်ကုန်မြို့သစ်စီမံကိန်းတည်ဆောက်ရာတွင် တင်ဒါခေါ်ယူရန်လိုအပ်သည့် Pre-Project Documents (PPD) ကို အပြီးသတ်ရေးဆွဲပြီးဖြစ်ကာ တိုင်းအစိုးရထံမှ ခွင့်ပြုချက်ရရှိပါက တင်ဒါခေါ်ယူသွားမည်ဟု ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက်(New Yangon Development Company Limited ) က သတင်းထုတ်ပြန် ထားသည်။

“ကျွန်တော်တို့ Pre-Project Documents (PPD)ကိုလည်း အပြီးသတ်ရေးဆွဲပြီးပါပြီ။ နောက်တစ်ဆင့်အနေနဲ့ PPD မူကြမ်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ တိုင်းဒေသကြီးရှေ့နေချုပ်ရုံးကို တင်ပြသွားမှာပါ။ သက်ဆိုင်ရာ အာဏာပိုင်တွေထံက ခွင့်ပြုချက်ရရှိပြီးရင် PPD ကို ကြေညာသွားမှာဖြစ်ပြီး NYDC Challenge တင်ဒါလည်း စတင်သွားမှာ ဖြစ်ပါတယ်” ဟုရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် စီအီးအို ဦးသိမ်းဝေ (Serge Pun) က ပြောဆိုခဲ့သည်။

ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်သည် ရန်ကုန်မြို့သစ်စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက် ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကတည်ထောင်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး အစိုးရအဖွဲ့ ထည့်ဝင်ငွေ ကျပ် ၁၀ ဘီလီယံရှိကြောင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး စာရင်း စစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့သစ်စီမံကိန်း စတင်ရန် မဟာဗျူဟာစီမံကိန်း(Master Plan) ပထမအဆင့်ကို ရေးဆွဲမှု ပြီးဆုံးပြီး ဇန်နဝါရီလအတွင်း၌ ဒုတိယအဆင့် Master Plan ဒီဇိုင်းပြီးစီးနိုင်ရန် သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းရေးဆွဲ နေသည်ဟုလည်း ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်က သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် တင်ဒါခေါ်ယူမည့် NYDC Challenge ဆိုသည်မှာ စီမံကိန်းကို ကုမ္ပဏီတစ်ခုက ဒီဇိုင်းရေးဆွဲပြီး ကုန်ကျစရိတ်ကို တွက်ချက်ပေးရကာ ထွက်ရှိလာသည့် ဒီဇိုင်းနှင့်စျေးနှုန်းကို  အခြားကုမ္ပဏီ များက ဝိုင်းပြီးတင်ဒါဝင်ပြိုင်ရခြင်းဖြစ်သည်။

တင်ဒါ၌ စျေးနှုန်းအနည်းဆုံးပေးသည့် ကုမ္ပဏီက ဆောက်လုပ်ခွင့်ရမည်ဖြစ်ပြီး မူလဒီဇိုင်းရေးဆွဲသည့် ကုမ္ပဏီက တင်ဒါအောင်မြင်ခြင်းမရှိပါက ဆောက်လုပ်ခွင့်ရရှိသည့် ကုမ္ပဏီက ဒီဇိုင်းခကို မူလကုမ္ပဏီထံ ပေးရမည်ဖြစ်သည်။

တင်ဒါစတင်ခေါ်ယူမည့် လုပ်ငန်းများတွင် (၆)လမ်းသွားတံတားတစ်စင်း ၊ ၂ လမ်းသွား တံတားတစ်စင်း ၊ ၂၆ ကီလိုမီတာရှိသော အဓိကလမ်းမကြီးများ၊ ပြန်လည်နေရာချထားမည့် မြို့ရွာ(၅)ခု၏ အခြေခံအဆောက် အအုံ များ ပါဝင်သည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required