၂၁ ကြိမ်မြောက် အောင်ဘာလေထီ ကျပ် သိန်းတစ်သောင်းဆုရှင် ကွယ်လွန်

၂၁ ကြိမ်မြောက် အောင်ဘာလေထီ ကျပ် သိန်းတစ်သောင်းဆုရှင် ကွယ်လွန်

 ဒီဇင်ဘာ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် ၂၁ ကြိမ်မြောက် အောင်ဘာလေသိန်းဆု၏ ကျပ်သိန်းတစ်သောင်း ကံထူးရှင်မှာ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပြီဟု ၎င်းနေထိုင်သည့် ချမ်းမြသာစည်ရပ်ကွက် အုပ်ချုပ်ရေးမှူးက မဇ္စျိမသို့ အတည်ပြုဖြေကြားသည်။

" ဆုံးသွားတာ ဟုတ်တယ်ဗျာ။ မနေ့က ရန်ကုန်ကို ထီပေါက်တဲ့ ဆုငွေသွားထုတ်တယ်။ ပြန်လာပြီးတော့ ဒီနေ့မနက်အစောပိုင်းမှာ လူကြီးရောဂါနဲ့ ဆုံးသွားလို့ ကြားတယ်။" ဟု ချမ်းမြသာစည် ရပ်ကွက် အုပ်ရေးမှူး ဦးထွန်းလင်းအောင် က ပြောသည်။

အသက် ၈၈ နှစ်အရွယ်ရှိ ထို ကံထူးရှင် ဦးကျင်ရိန်မှာ ဒီဇင်ဘာ ၅ ရက်နေ့က ရန်ကုန်မြို့သို့ လာရောက်ကာ ဆုငွေထုတ်ယူခဲ့ပြီး၊ ၎င်းနေထိုင်ရာ ပဲခူးတိုင်းဒေသကြီး ၊ ဝေါမြို့နယ်၊ ချမ်းမြသာစည် ရပ်ကွက်သို့ ပြန်လာခဲ့ပြီးနောက်တွင် ပင်ပန်းနွမ်းမှုကို ခံစားနေခဲ့ရသည်ဟု ဆိုသည်။

ဦးကျင်ရိန်သည် ဎ ၃၉၃၀၂၀ ဂဏန်းဖြင့် ကျပ်သိန်းတစ်သောင်းဆုကို ဆွတ်ခူးခဲ့ပြီးနောက် ထီဆုကြေးများကို  ဆူးလေးဘုရားနှင့် ဆူးလေ ဘိုးဘိုးကြီးအား အလှူ အတန်းပြုလုပ်ရန်အတွက်နှင့် လက်ရှိ  သားသမီးများကို ခွဲဝေပေးဖို့ ရည်ရွယ်ထားခဲ့မှု ရှိခဲ့သည်ဟု ၎င်းမကွယ်လွန်မီ ဒီဇင်ဘာလ ၃ ရက်နေ့က မဇ္စျိမသို့ ဖြေကြားခဲ့သည်။

၎င်းတွင် လက်ရှိမှာ သမီး သုံးယောက်သာ ကျန်ရှိတော့ပြီး၊ ယင်းအထဲမှ တစ်ဦးဖြစ်သော အလယ်တန်းပြ ဆရာမအိမ်တွင်  မြေး တစ်ဦးတို့နှင့်အတူ နေထိုင်ခဲ့ခြင်း ဖြစ်သည်။

ဦးကျင်ရိန်၏ ရုပ်အလောင်းကို ဒီဇင်ဘာ ၈ ရက်နေ့တွင် သင်္ဂြိုဟ်သွားမည်ဖြစ်သည်။

ကျန်ရစ်မိသားစုဝင်များသို့ မဇ္စျိမမှ ဆက်သွယ်ခဲ့သော်လည်း လက်ရှိအခြေအနေတွင် ဘာတစ်ခုမျှ ဖြေဆိုလိုခြင်းမရှိဟုသာ ဖြေကြားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly