အင်တာနက် အတင်းကြပ်ဆုံး ကျူးဘားမှာ ပထမဆုံးအဖြစ် မိုဘိုင်းဖုန်းကနေ အင်တာနက် သုံးခွင့်ပြု

အင်တာနက် အတင်းကြပ်ဆုံး ကျူးဘားမှာ ပထမဆုံးအဖြစ် မိုဘိုင်းဖုန်းကနေ အင်တာနက် သုံးခွင့်ပြု

ဟာဗားနား၊ ဒီဇင်ဘာ ၆ ။       ။ ကျူးဘားနိုင်ငံမှာ ဒီကနေ့ ကြာသပတေးနေ့ကစပြီး နိုင်ငံတစ်ဝန်းက ပြည်သူတွေအနေနဲ့ မိုဘိုင်းဖုန်းကနေ အင်တာနက် အသုံးပြုခွင့်ကို ခွင့်ပြုချထားပေးပြီဖြစ်ကြောင်း အာဏာပိုင်တွေက ကြေညာထုတ်ပြန်ပါတယ်။ 

ကွန်မြူနစ် ထိန်းချုပ်မှုအောက်က ကာရေဘီယံကျွန်းနိုင်ငံ ကျူးဘားမှာ ၂၀၁၃ ခုနှစ်မှာ နိုင်ငံပိုင် အင်တာနက်ကဖေးတွေကို စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံသားတွေအနေနဲ့လည်း ပြည်တွင်း အင်တာနက်လိုင်းကိုပဲ သုံးခွင့်ရှိတာဖြစ်သလို ၂၀၁၇ ခုနှစ်မှ အများသုံး Wi-Fi hotspots ကို ဖွင့်လှစ်ပေးတာပါ။ 

အဲဒီနှစ်မှာပဲ ကျူးဘားမှာ ဂူဂဲလ်ဆာဗာကို  စတင်သုံးစေတာဖြစ်တာကြောင့် နိုင်ငံတွင်း အကြီးဆုံး အင်တာနက် ကုမ္ပဏီကြီးအဖြစ် ဂူဂဲလ်က မှတ်တမ်းဝင်ခဲ့ပါတယ်။ 

ကျူးဘားရဲ့ နိုင်ငံပိုင် ဆက်သွယ်ရေးကုမ္ပဏီ ETECSA ရဲ့ အမှုဆောင်အရာရှိတွေဟာ ၎င်းတို့အနေနဲ့ မိုဘိုင်းဖုန်းကနေ အင်တာနက် သုံးခွင့်ကို ချထားပေးမှာ ဖြစ်ကြောင်း ရုပ်မြင်သံကြားကနေပြီး အင်္ဂါနေ့ညမှာ ကြေညာခဲ့တာပါ။ 

မိုဘိုင်းဖုန်း ဒေတာပက်ကေ့ချ်တွေကို 600 MB အတွက် ကျူးဘားပီဆိုငွေ ခုနစ် ပီဆို(အမေရိကန်ဒေါ်လာ ခုနစ်ဒေါ်လာ)နဲ့ 4GB အတွက်ဆို ပီဆို ၃၀ (ဒေါ်လာ ၃၀) နဲ့ ဝယ်ယူအသုံးပြုနိုင်ပြီဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

၂၀၁၇ မှတ်တမ်းအရ ကျူးဘားနိုင်ငံမှာ ပျမ်းမျှတစ်လဝင်ငွေဟာ ဒေါ်လာ ၃၀ ဝန်းကျင်သာ ရှိကြောင်း Trading Economics အဖွဲ့အရ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required