ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း Phase-1 အတွက် အရည်အသွေးပြည့်မီသည့်ကုမ္ပဏီ ၁၀ ခုကို ကြေညာ

ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း Phase-1 အတွက် အရည်အသွေးပြည့်မီသည့်ကုမ္ပဏီ ၁၀ ခုကို ကြေညာ

ဒီဇင်ဘာ ၅ ။            ။ ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း (YEX) Project Phase 1 အတွက် စိတ်ဝင်စားသော ရင်းနှီးမြှုပ်နှံသူများထံမှ ဆန်ခါတင်အရည်အသွေး ပြည့်မီမှုလျှောက်လွှာ ၁၂ စောင်အနက် ဆန်ခါတင် အရည်အသွေးပြည့်မီသည့် ကုမ္ပဏီ ၁၀ ခု အမည်စာရင်းအား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကြေညာခဲ့သည်။

ယနေ့ ဒီဇင်ဘာလ ၅ ရက် ကြေညာချက်တွင် တရုတ်ကုမ္ပဏီ ၄ ခုနှင့် အခြား ပြင်သစ်၊ ဂျပန်၊ ကိုရီးယား ကုမ္ပဏီများပါဝင်ပြီး ထိုင်း၊မြန်မာနှင့် ဂျပန်ဖက်စပ် ကုမ္ပဏီ၊ ထိုင်းနှင့်တရုတ်ဖက်စပ်ကုမ္ပဏီ၊ တရုတ်-မြန်မာ ဖက်စပ်ကုမ္ပဏီတို့ ပါဝင်နေသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ ပူးပေါင်း၍ Public Private Partnership (PPP) အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဤစီမံကိန်းသည် အစိုးရ၏ ဦးစားပေး ဆောင်ရွက်နေသည့် စီမံကိန်းတစ်ခုဖြစ်သည်။ ရန်ကုန်မြို့၏ ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှုအား လျော့ကျစေရန်နှင့် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများအတွက် ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်သည်ဟု သိရသည်။

အဆိုပါ ဆန်ခါတင်အရည်အသွေး ပြည့်မီသူများသည် စီမံကိန်းနှင့်သက်ဆိုင်သော အချက်အလက်များနှင့် မှတ်တမ်းများ ကို ရယူနိုင်မည် ဖြစ်ပြီး တင်ဒါအနိုင်ရရှိရန် ဆက်လက်ပါဝင်နိုင်မည် ဖြစ်သည်။ တင်ဒါအနိုင်ရရှိရန် နောက်  တစ်ဆင့်မှာ ကြိုတင်အရည်အသွေး ပြည့်မီသူများအား အဆိုပြုလျှောက်လွှာ (Request for Proposal) တင်သွင်းရန် ဖိတ်ခေါ်ပြီး သဘောတူညီမှုစာချုပ် (Concession Agreement) အား ထုတ်ပြန်ပေးသွားမည် ဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါစီမံကိန်းကို ၂၀၁၉ တွင် လုပ်ငန်းများ စတင်သွားမည်ဖြစ်ပြီး ၃ နှစ်အတွင်း အပြီးဆောက်လုပ်သွားရန် အစိုးရမှ လျာထားသည်။

ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း (Yangon Elevated Expressway) စီမံကိန်း Phase 1 အဖြစ် ဗိုလ်တစ်ထောင် ဘုရားလမ်းထိပ်မှ မင်္ဂလာဒုံ ခရေပင်လမ်းဆုံအထိကို စတင် တည်ဆောက်ရန် သတ်မှတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly