Mark-II ယာဉ်ပေါ်မှ ကျပ်သိန်း ၂ ထောင်ကျော်ရှိတန်ဖိုးရှိ ဘိန်းဖြူနှင့်ဆေးပြားများ ဖမ်းမိ

Mark-II ယာဉ်ပေါ်မှ ကျပ်သိန်း ၂ ထောင်ကျော်ရှိတန်ဖိုးရှိ ဘိန်းဖြူနှင့်ဆေးပြားများ ဖမ်းမိ
ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာန

ရန်ကုန်၊ ဒီဇင်ဘာလ ၅ ။            ။ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ စိန်လုံပူးပေါင်းစစ်ဆေးရေးဂိတ်တွင် Mark-II ယာဉ်ပေါ်မှ ကျပ် ၂,၃၄၈ သိန်းတန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းမိရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ အသက် ၄၅ နှစ်အရွယ် မာကွမ်း၊ အသက် ၆၁ နှစ်အရွယ်  ဒေါ်ဂေါ့လိုလုဂျန်နှင့်  အသက် ၅၆ နှစ်အရွယ် ဒေါ်စီစီဒွဲဘူတို့ကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဒီဇင်ဘာလ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၃ ရက်၊ ညနေ ၄ နာရီ၊ ၁ဝ မိနစ်ခန့်အချိန် မိုးမောက်မြို့မရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ  မိုးမောက်မြို့နယ်၊ စိန်လုံပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယာဉ်များအား ရပ်တန့်စစ်ဆေးရာမှ  မာကွမ်း မောင်းနှင် ပြီး ဒေါ်ဂေါ့လိုလုဂျန် နှင့် ဒေါ်စီစီဒွဲဘူတို့ လိုက်ပါလာသည့် Mark-II အမျိုးအစားမော်တော်ယာဉ်မှ မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ယာဉ်၏ နောက်ဖုံးအံဝှက်အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၇၉,၈ဝဝ ပြား၊ ဆပ်ပြာခွက် ၉၄ ခွက်ဖြင့်ထည့် လျက် (စုစုပေါင်း ဘိန်းဖြူအလေးချိန် ၉၄ဝ ဂရမ်)၊ မြန်မာငွေ ၅ဝ,ဝဝဝ ကျပ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် အသက် ၄၅ နှစ်အရွယ် မာကွမ်း၊ အသက် ၆၁ နှစ်အရွယ်  ဒေါ်ဂေါ့လိုလုဂျန်နှင့်  အသက် ၅၆ နှစ်အရွယ် ဒေါ်စီစီဒွဲဘူတို့ကို သက်ဆိုင်ရာရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly