အငှားယာဉ်အား ခြိမ်းခြောက်လုယက်ခဲ့သူ ၃ ဦးကို နှစ်နာရီအတွင်းဖမ်းမိ

အငှားယာဉ်အား ခြိမ်းခြောက်လုယက်ခဲ့သူ ၃ ဦးကို နှစ်နာရီအတွင်းဖမ်းမိ
ဓာတ်ပုံ - Yangon Police

ရန်ကုန်၊ ဒီဇင်ဘာလ ၅ ။            ။ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ဥက္ကလာပလမ်း၊ လက်ဖက်ရည်ဆိုင်တစ်ဆိုင်အနီးတွင် အငှားယာဉ်အား ဓားထောက်လုယက်ခဲ့သူ လူငယ် ၃ ဦးအား  နှစ်နာရီအတွင်း ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။

လုယက်သူများမှာ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်နေ အသက် ၁၈ နှစ်အရွယ် ပန်သုကျော်၊ မရမ်းကုန်းမြို့ နယ်၊ အမှတ်(၅)ရပ်ကွက်နေ အသက် ၁၇ နှစ်အရွယ် လျှမ်းကျော်ဇေယျ(ခ) ကျော်ဇေယျ(ခ) ကျော်ကြီးနှင့် ကြို့ပင်ကောက်မြို့နယ်၊ စျေးချိုရပ်ကွက်နေ အသက် ၁၇ နှစ်အရွယ် ကောင်းဆက်လင်းတို့ ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၅ ရက်၊ နံနက် ၃ နာရီအချိန်ခန့်တွင် အငှားယာဉ်မောင်းဖြစ်သူက PROBOX အဖြူရောင် အငှားယာဉ်အား လှည်းတန်းဘက်သို့ မောင်းနှင်လာစဉ် လူငယ် ၃ ဦးက ဒဂုံတောင်ပိုင်းရှိ တည်းခိုခန်းသို့ ငွေကျပ် ၁၅၀၀၀ ဖြင့် ငှားရမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့ အငှားယာဉ်ဖြင့် လိုက်လံပို့ဆောင်ခဲ့ရာ မရမ်းကုန်းမြို့နယ်၊ ဥက္ကလာပလမ်း၊ လက်ဖက်ရည် ဆိုင်တစ်ဆိုင် အနီးရောက်ရှိချိန်တွင် အပေါ့သွား မည်ဟုပြောသဖြင့် ယာဉ်အားရပ်ပေးစဉ် ၎င်းတို့ ၃ ဦးယာဉ်ပေါ်မှ ဆင်းသွား ပြီး လူငယ်တစ်ဦးက ကျန်တစ်ဦး၏ လက်ကိုဆွဲ၍ အရပ်ပုပုနှင့်လူငယ်က ဓားတစ်ချောင်းကိုင်ထားကာ  ယာဉ် မောင်းအား ယာဉ်ပေါ်မှ ဆင်းခိုင်းခဲ့ပြီး ယာဉ်မောင်းထံမှ MI အမျိုးအစားဖုန်း ၁ လုံး၊ ငွေကျပ် ၃၃၅၅၀ တို့အား ယူဆောင်ကာ ယာဉ်မောင်းအား လမ်းဘေးတွင်ထားခဲ့ကာ ယာဉ်အား လုယူမောင်းပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အငှားယာဉ်မောင်းဖြစ်သူက မရမ်းကုန်းမြို့မရဲစခန်းတွင် (ပ)၁၀၆၇/ ၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ- ၃၈၂ ဖြင့် အရေးယူပေးရန် အမှုဖွင့်တိုင်ကြားခဲ့ရာ ရဲတပ်ဖွဲ့မှ လုယက်မှုကျူးလွန်သူတို့ကို ပိတ်ဆို့ဖမ်း ဆီးခဲ့ပြီး  အဆိုပါ လူငယ် ၃ ဦးအား ဗဟန်းမြို့နယ်၊ ကျိုက္ကဆံ ရပ်ကွက်၊ ပုလဲလမ်းနှင့် ငမောက်လမ်းထိပ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိခဲ့သည့် လူငယ်များအား စစ်ဆေးချက်အရ ၎င်းတို့အနေဖြင့် အဆိုပါ ပြစ်မှုအား ကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပြီး ယာဉ်နှင့် သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကာ လက်ရှိတွင် အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly