အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ် အစည်းအဝေးအတွင်း စကားအချေတင်ဖြစ်

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ် အစည်းအဝေးအတွင်း စကားအချေတင်ဖြစ်

နေပြည်တော်၊ ဒီဇင်ဘာ ၅ ရက် ။            ။ ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့က ကျင်းပပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးအတွင်း ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၄) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဇုန်လှယ်ထန်းတို့ အစည်းအဝေးတွင်း စကား အချေအတင် အနည်းငယ်ဖြစ်ပွားခဲ့သည်။

ကိုယ်စားလှယ်မေးမြန်းခဲ့သည့် “လွှတ်တော်ကိုယ်စားလှယ်များအား မဲဆန္ဒနယ်ရှိ ဒေသဖွံ့ဖြိုးရေး၊ စီမံကိန်းများ ရေးဆွဲရာတွင်လည်းကောင်း၊ အုပ်ချုပ်ရေး၊ လူမှုစီးပွားရေးကဏ္ဍတို့နှင့် စပ်လျဉ်း၍ ပြည်သူများ၏ ဆန္ဒဖော်ဆောင်ရာတွင်လည်းကောင်း၊ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများကဖြစ်စေ၊ အာဏာပိုင် ပုဂ္ဂိုလ်ကဖြစ်စေ အလေးထားတိုင်ပင်ရန်” အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့် ပတ်သက်ပြီး ဆက်စပ်မေးခွန်း ထပ်မေးခဲ့ရာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကိုယ်စားလှယ်၏ မေးခွန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ချင်းပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ဖြေကြားခဲ့ပြီးနောက် ဆက်စပ်မေးခွန်းအဖြစ် ပထမမေးစဉ်ကတည်းက “သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ”ဟု ပါရှိသည့်အတွက် “ဆောက်လုပ်ရေးဝန်ကြီးဌာနက လာဖြေတဲ့ ပုံစံမျိုး ၊ ဝန်ကြီးဌာနအားလုံးက ဖြေကြားပေးနိုင်ရန် စီစဉ် ဆောင်ရွက်ပေးနိုင်ခြင်းရှိမရှိ မေးမြန်းအပ်ပါတယ်” ဟု ဆိုသည့် စကားရပ်ပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက  ချင်းပြည်နယ်အတွင်း ကျန်းမာရေး ဆိုင်ရာ၊ ပညာရေးဆိုင်ရာ၊ အစိုးရအဖွဲ့များတို့၏ အဆောက်အဦများအားလုံးကို ဒေသဖွံ့ဖြိုးရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လုပ်ကိုင်ရသည့်အတွက် ၎င်းဌာနကို ဖြေဆိုခိုင်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

၄င်းနောက် ကိုယ်စားလှယ်၏ မိုက် ပိတ်သွားခဲ့သည့်အတွက် မေးမြန်းမှုကို အနည်းငယ်သာ ကြားသိရပြီး အချို့ကို မကြားသိရတော့ဘဲ ဦးဇုန်လှန်ထန်းက  “လွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိမရှိမေးတာပါ” ဟု ထပ်မံမေးမြန်းရာတွင် ထိုကဲ့သို့ပြောခြင်းသည် လွှတ်တော်၏ စည်းမျဉ်း၊ စည်းကမ်းများနှင့် ညီညွတ်ခြင်းမရှိဘဲ အကယ်၍ သိရှိလိုလျှင် ဥက္ကဋ္ဌထံသို့ လုပ်ထုံးလုပ်နည်းများနှင့် အညီ တိုက်ရိုက် စာတင်ပေးရန် အကြောင်းကို ဦးမန်းဝင်းခိုင်သန်းက ပြန်လည်ဖြေကြားခဲ့သည်။

“မေးခွန်းမေးတာ ကျွန်တော် လွှတ်တော်ဥက္ကဋ္ဌ ဖြေဖို့မရှိဘူး၊ သူ့သက်ဆိုင်ရာကို တင်ပို့တာ၊ ဥက္ကဋ္ဌက ဖြေစေချင်တယ်ဆို မေးလိုက်၊ ဥက္ကဋ္ဌကို တိုက်ရိုက်ထပ်မေးလိုက်၊ ဒီလွှတ်တေ်ာမှာ လာမပြောနဲ့”ဟု ပြောခဲ့သည်။ ၎င်း၏ မူရင်းမေးခွန်းသည် တစ်နိုင်ငံလုံးအတွက် ခြုံပြီး မေးသည့် မေးခွန်းဖြစ်သည့်အတွက် ချင်းပြည်နယ် အတွက်သာ ဖြေကြားနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ချင်းပြည်နယ်တွင်း ကျန်းမားရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့သည် အဓိက လုပ်ဆောင်နေသည့်အတွက် အားလုံးနှင့် ဆက်စပ်သည့် ဆောက်လုပ်ရေးဝန်ကြီးဌာနကို ဖြေကြားနိုင်ရန်အတွက် ဆောင်ရွက်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ဥက္ကဋ္ဌ ကဆက်ပြောသည်။

“ဒီဆောက်လုပ်ရေးကျတော့လည်း ကျန်းမာရေးဌာနက သူ့အဆောက်အဦတွေ ဘာတွေ လိုမယ်ဆို ဆောက်လုပ်ရေးဝန်ကြီးကိုပဲ ဆောက်လုပ်ရေးဌာနကိုပဲ အပ်ရတာ၊ ပညာရေးကလည်း ဒီအတိုင်းပဲ။ နောက်တော့ ချင်းပြည်နယ်အစိုးရကလည်း သူလုပ်မယ်ဆိုရင် ဒီဆောက်လုပ်ရေးကိုပဲ အကုန်အပ်ရတာ။ အဲဒါနဲ့ ပတ်သက်လို့ ဆောက်လုပ်ရေးက အကုန်လုံး လုပ်ပြီးသွားပြီ၊ ချင်းပြည်နယ်နဲ့ ပတ်သက်လို့။ ခုနက ခင်ဗျားပြောသလို ဥက္ကဋ္ဌက ဖြေပေးပါဆိုတာတော့ ခင်ဗျား ဒါ ဥပဒေနဲ့ မညီဘူး”ဟု ၄င်းကပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly