ရန်ကုန်တိုင်းကို ကိုယ်စားပြုမည့် ပစ်တိုင်းထောင်ရုပ်လာဘ်ကောင် ပြိုင်ပွဲယှဉ်ပြိုင်ရန် ဖိတ်ခေါ်

ရန်ကုန်တိုင်းကို ကိုယ်စားပြုမည့် ပစ်တိုင်းထောင်ရုပ်လာဘ်ကောင် ပြိုင်ပွဲယှဉ်ပြိုင်ရန် ဖိတ်ခေါ်

ရန်ကုန်၊ဒီဇင်ဘာ ၅ ။         ။ ရန်ကုန်တိုင်း၏ ကိုယ်စားပြုလာဘ်ကောင်ရုပ်အဖြစ် ပစ်တိုင်းထောင်အရုပ်ကို ရွေးချယ်ထားပြီး ယင်းအရုပ်ဒီဇိုင်း ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က  ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

ယင်း ပစ်တိုင်းထောင်ရုပ်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျင်းပပြုလုပ်မည့် အခမ်းအနားပြိုင်ပွဲများ၊ ပြပွဲများ၊ နိုင်ငံတကာ ခရီးသွားပြိုင်ပွဲများအတွက် အသုံးပြုရန် ဖြစ်ကြောင်းသိရသည်။

“  ပစ်တိုင်းထောင် အရုပ်က ကျွန်တော်တို့ရဲ့ ရိုးရာအရုပ်လည်း ဖြစ်တယ်။ပြီးတော့ ခရီးသွားတွေကို ဆွဲဆောင် မှုလည်း ဖြစ်တယ်။ဒါကို တိုင်းအစိုးရကို တင်ပြီး ဆုံးဖြတ်ချက်ချခဲ့တာပါ။ ဆုံးဖြတ်ချက်ချပြီးတဲ့ ဒီအရုပ်ကို ဘယ်လိုဒီဇိုင်းတွေကို လုပ်ရင်ကောင်းမလဲပေါ့။ အဲ့လိုသဘောမျိုးနဲ့ ဒီဇိုင်းပြိုင်ပွဲကို လုပ်တာပါ။ ဒီပွဲမှာ ရွေးချယ် ခံရတဲ့ ဒီဇိုင်းကို အဲဒီပုံစံအတိုင်းပဲ အသုံးပြုသွားမှာပါ။  ”  ဟု  ရန်ကုန်တိုင်းဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဦးမောင်မောင်စိုး ကပြောသည်။

လာဘ်ကောင်ရုပ်သည် ပစ်တိုင်းထောင်အရုပ်ကို အခြေခံသည့် ပုံစံဖြစ်ရမည့်အပြင် ပစ်တိုင်းထောင်ရုပ်သည် အဖို၊ အမ တစ်စုံပါဝင်သော ပုံစံဖြစ်ပြီး၊ အသက်အရွယ် မရွေးကိုယ်စားပြုသော ပုံစံဖြစ်ရမည်ဟု သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၏ ကိုယ်စားပြုအရောင်ဖြစ်သည့် ခရမ်းရောင်ကို ပင်မအရောင်အဖြစ် အသုံးပြုရမည် ဖြစ်ပြီး လူတစ်ဦးချင်း (သို့မဟုတ်) အဖွဲ့လိုက် ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်းသိရသည်။

“ ပြိုင်ပွဲမှာ ယှဉ်ပြိုင်တဲ့  ဒီဇိုင်းတွေကိုတော့ Online မှာ ရန်ကုန်တိုင်း ဝက်ဘ်ဆိုဒ်မှာ တင်ပေးမှာပါ။ အဲဒီမှာ မဲ ဝိုင်းပေးရမယ်။ပြီးတော့မှ ရန်ကုန်တိုင်းက ရွေးချယ်ရေးအဖွဲ့က ထပ်ပြီးတော့ ဘယ်သူအကောင်းဆုံးလဲ ဆိုတာကို ရွေးချယ်မှာ။” ဟု ၄င်းက ဆက်ပြောသည်။

ပြိုင်ပွဲဝင်သည့် လာဘ်ကောင်ဒီဇိုင်များကို SMS ဆန္ဒမဲ ၄ဝရာခိုင်နှုန်းနှင့် ရွေးချယ်ရေးကော်မတီမှ ၆၀ ရာခိုင်နှုန်း အမှတ်ပေးပြီး အဆင့်သတ်မှတ်ကာ ရွေးချယ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်း ဒီဇိုင်းများကို ဒီဇင်ဘာ ၂၅ရက်  ညနေ ၄နာရီ နောက်ဆုံးထား၍ပေးပို့ရမည်ဖြစ်ပြီးပစ်တိုင်းထောင် ဒီဇိုင်း အတွက်  အကောင်းဆုံးရွေးချယ်ခံရသော  ပြိုင်ပွဲဝင်သူကို ၂၀၁၉ ဇန်နဝါရီ ၈ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှဆုကြေးငွေ သိန်းနှစ်ဆယ်ကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required