ဘိလပ်မြေစက်ရုံတည်ဆောက်မှုကို ကန့်ကွက်ခဲ့သူများ၏ မိသားစုဝင်များ စားဝတ်နေရေး ခက်ခဲနေ

ဘိလပ်မြေစက်ရုံတည်ဆောက်မှုကို ကန့်ကွက်ခဲ့သူများ၏ မိသားစုဝင်များ စားဝတ်နေရေး ခက်ခဲနေ

မန္တလေး၊ ဒီဇင်ဘာ ၅ ။             ။ ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံတည်ဆောက်နေမှုအား ကန့်ကွက်နေသည့် ဒေသခံအချို့ ဖမ်းဆီးခံနေ ရခြင်းကြောင့် မိသားစုဝင်များ စားဝတ်နေရေး အခက်အခဲများကြုံတွေ့နေရပြီး မန္တလေးမြို့၊စျေးချိုတွင် ဒီဇင်ဘာလ ၅ ရက်၊နံနက်ပိုင်းမှ စတင်ကာ တောင်းရမ်းစားသောက်ခြင်းများ ပြုလုပ်နေရကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာအနီး မြင့် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုအား အပြီးပိုင်ဖျက်သိမ်းပေးရေး တောင်းဆိုသူများထဲမှ ဦးရွှေအုန်း ပါ (၅) ဦးကို ကုမ္ပဏီက ပုဒ်မ ၃၄၁ ဖြင့် တရားစွဲဆို၍ နိုဝင်ဘာလ ၂၈ ရက်နေ့က ပုသိမ်ကြီးမြို့နယ်တရားရုံးမှ ထောင်ဒဏ် (၁) လ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ကန့်ကွက်တားဆီးခဲ့သည့် ဒေသခံ ၁၈ ဦးကိုလည်း လမ်းတံတားဥပဒေ၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စည်တန်းလှည့်လည်ခွင့် ဥပဒေတို့ဖြင့် အမှုဖွင့်ခံထားရ၍ တရားရင်ဆိုင်နေရမှုများလည်း ရှိနေသည်။

စီမံကိန်းမပြုလုပ်ရန်အတွက် ဒေသခံများအနေဖြင့် ၂၀၁၄ ခုနှစ်ကပင် စတင်၍ သက်ဆိုင်ရာအဆင့်ဆင့်သို့ တိုင်စာများနှင့် ကန့်ကွက်စာများကို အကြိမ်ကြိမ်တင်ပြခဲ့ခြင်းများနှင့်ဆန္ဒပြတောင်းဆိုမှုများကို အကြိမ်ကြိမ် ပြုလုပ်တောင်းဆိုမှုများ ပြုလုပ်ထားသည်။
 
ယခုအခါတွင် ဦးထောင်ဦးစီးအချို့ အဖမ်းခံထားရပြီး အချို့မှာ တရားရင်ဆိုင်နေရခြင်းကြောင့် မိသားစုဝင် များမှာ စားဝတ်နေရေးများ ခက်ခဲလာခြင်းကြောင့် တောင်းရမ်းစားသောက်ခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။

(ဓာတ်ပုံ၊NLO)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly