‘စီရော်နယ်လ်ဒို ရွှေဘောလုံးဆုနဲ့ ထိုက်တန်သူပါ’ - အယ်လီဂရီ

‘စီရော်နယ်လ်ဒို ရွှေဘောလုံးဆုနဲ့ ထိုက်တန်သူပါ’ - အယ်လီဂရီ
Photo: EPA

ဂျူဗင်တပ်စ်အသင်း နည်းပြ မက်စ် အယ်လီဂရီက ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ရာသီ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သူ့ရဲ့ စွမ်းရည်တွေကြောင့် ရွှေဘောလုံးဆု (Ballon D'or)နဲ့ ထိုက်တန်သူဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ဂျူဗင်တပ်စ်ဆီ ပြောင်းရွှေ့ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ပြီးခဲ့ရာသီ ချန်ပီယံလိဂ်ဖလားရယူပေးဖို့ ရီးယဲလ်အသင်းကို ကူညီပေးခဲ့ပြီး ဒီပြိုင်ပွဲမှာ သွင်းဂိုး ၁၅ ဂိုး၊ ဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် ရော်နယ်လ်ဒိုဟာ ယမန်နေ့က ပြင်သစ်ဘောလုံးမဂ္ဂဇင်းမှ ချီးမြှင့်ပေးအပ်တဲ့ ၂၀၁၈ ခုနှစ်အတွက် ရွှေဘောလုံးဆုမှာ လူကာ မိုဒရစ်ရဲ့နောက် ဒုတိယနေရာနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။

“ရော်နယ်လ်ဒိုဟာ ဒီဆုနဲ့ တကယ်ထိုက်တန်ပါတယ်။ ဘာလို့လဲဆိုရင် ချန်ပီယံလိဂ်မှာ အမြင့်ဆုံး စွမ်းဆောင်ပြနိုင်ခဲ့လို့ပါ။ ကမ္ဘာ့ဖလားမှာ ပေါ်တူဂီအသင်းနဲ့တော့ ထိုက်တန်သလောက် မအောင်မြင်ခဲ့ဘူးပေါ့။ ဒါပေမယ့် မိုဒရစ်ရဲ့ အောင်မြင်က သူ့အတွက် ပိုကောင်းလာဖို့ တွန်းအားတစ်ရပ်ဖြစ်စေမှာပါ။ လာမယ့်နှစ် ဂျူဗင်တပ်စ်နဲ့အတူ ၆ ကြိမ်မြောက် ဆုတံဆိပ်ကို ဆွတ်ခူးနိုင်ပါလိမ့်မယ်။”လို့ နည်းပြ အယ်လီဂရီက ပြောပါတယ်။

ဘလွန်းဒီအော်ဆုဟာ ၂၀၀၇ ခုနှစ် ကာကာ ရရှိခဲ့ပြီးနောက်မှာ မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့နှစ်ဦးသာ ရယူခဲ့ပေမယ့် ယခုနှစ်မှာတော့ မိုဒရစ်က ပထမဆုံးအကြိမ် ကြားဖြတ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ဒီရာသီ စီးရီးအေမှာ ဂျူဗင်တပ်စ်အတွက် ၁၀ ဂိုး သွင်းပြီး ၅ ဂိုး ဖန်တီးပေးထားကာ ပုံစံကောင်း ရရှိနေသူဖြစ်ပါတယ်။

Ref; Onefootball

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly