တောရိုင်းတိရစ္ဆာန်သတ်ဖြတ်မှုနှင့်ရောင်းဝယ်မှုများအတွက် ကာကွယ်တားဆီးရေး အထူးအဖွဲ့ ဖွဲ့ရန် လိုကြောင်း အကြံပြု

တောရိုင်းတိရစ္ဆာန်သတ်ဖြတ်မှုနှင့်ရောင်းဝယ်မှုများအတွက် ကာကွယ်တားဆီးရေး အထူးအဖွဲ့ ဖွဲ့ရန် လိုကြောင်း အကြံပြု
ဖမ်းဆီးရမိသော ဆင်စွယ်နဲ့ တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများကို အောက်တိုဘာ ၄ရက်က နေပြည်တော်တွင်  မီးရှို့ဖျက်ဆီးနေပုံ  (ဓာတ်ပုံ-မင်းမင်း/မဇ္ဈိမ)

နေပြည်တော်၊ ဒီဇင်ဘာ ၅ ။          ။ မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန်များကို သတ်ဖြတ်မှုများနှင့် ပြည်ပနိုင်ငံများသို့ ရောင်းဝယ်ဖောက်ကား နေမှုများကို ကာကွယ်တားဆီးရန်အတွက် တောရိုင်းတိရစ္ဆာန်သတ်ဖြတ်မှု ကာကွယ်တားဆီးရေးအထူးအဖွဲ့ ဖွဲ့ရန်လိုကြောင်း တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ အမျိုးသားလွှတ်တေ်ာကိုယ်စားလှယ် ဦးစိုးသိန်း(ခ) ဦးမောင်စိုးက အကြံပြုပြောဆိုလိုက်သည်။

 “တောရိုင်း တိရစ္ဆာန်မှောင်ခိုရောင်းဝယ်ဖောက်ကားမှုရဲ့ ၅၀ ရာခိုင်နှုန်းဟာ မန္တလေး ၊ လားရှိုး၊ မူဆယ်လမ်းကြောင်းကို သုံးပြီးတော့ သယ်ဆောင်ရောင်းဝယ်နေကြတာဖြစ်ပါတယ်”ဟု ၄င်းကပြောကြားသည်။

ထို့အပြင် တိရစ္ဆာန်အရှင်များကို တနင်္သာရီတိုင်း တွင်ရှိသော လမ်းကြောင်းများမှ ထိုင်းနိုင်ငံသို့  ရောင်းဝယ်နေကြပြီး၊ နယ်စပ်ဒေသများတွင် ဆင်စွယ်ဖြင့်  ပြုလုပ်ထားသည့်  အသုံးအဆောင်များအပါအဝင်  ဆင်အရေခွံ၊ ကျားအရေခွံ၊ တောင်ဆိတ်စသည့် အကောင်များ၏ ခန္ဓာကိုယ်အစိတ်ပိုင်းများကို ပြောင်ပြောင်တင်းတင်းရောင်းချနေကြောင်း ၄င်းကဆက်လက်ပြောသည်။

“မျိုးတုန်းလုနီးပါး ဖြစ်နေတဲ့ ဆင် အပါအဝင် တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်တဲ့နေရာမှာ သစ်တောဝန်ထမ်းတွေက အချိန်ပြည့်စောင့်ကြည့်နိုင်ခြင်းမရှိတဲ့အတွက် ဒေသခံပြည်သူတွေကလည်း  ဆင်သတ်ဂိုဏ်းတွေ၊ ဆင်မုဆိုးတွေ တွေ့တဲ့အခါမှာ သက်ဆိုင်ရာကို သတင်းပေးဖို့ လိုအပ်သလို သက်ဆိုင်ရာကလည်း သတင်းပေးပြည်သူတွေကို လျှို့ဝှက်ပြီးတော့ အကာအကွယ်ပေးဖို့ လိုအပ်ပါတယ်”ဟု တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ အမျိုးသားလွှတ်တေ်ာကိုယ်စားလှယ် ဦးစိုးသိန်း(ခ) ဦးမောင်စိုးက ဆက်လက်ပြောသည်။

မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာ တင်သွင်းထားသည့် နိုင်ငံတော်မှ သက်ရှိသယံဇာတများဖြစ်သည့် ဆင်အပါအဝင်၊ တောရိုင်းတိရိစ္ဆာန်များ မျိုးတုန်းခြင်းမှ ကာကွယ်ရန်အတွက် အများပြည်သူ သတိပြုမှုမြင့်တက်စေရေးနှင့် ဆင်နှင့် အခြားတိရစ္ဆာန်များ၏ အစိတ်အပိုင်းများ ပြောင်ပြောင်တင်းတင်းရောင်းချနေမှုကို အချိန်မှီ ထိရောက်စွာ အရေးယူပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို   ဦးစိုးသိန်းက ဆွေးနွေးရာတွင် အကြံပြုထားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၁၉၉၇ ခုနှစ်ခန့်က တောဆင်ရိုင်းကောင်ရေ  တစ်သောင်းခန့်ရှိရာမှ  ယနေ့ချိန်တွင် ကောင်ရေ တစ်ထောင့်လေးရာမှ နှစ်ထောင်အကြားခန့်သာ ကျန်ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တောဆင်ရိုင်းများ သေဆုံးရခြင်းနှင့်ပတ်သတ်ပြီး သုတေသနများ၊ စာစောင်များနှင့် သတင်းအချက်အလက်များမှ ကောက်နှုတ်ရရှိထားသည့်အချက်များအရ အမဲလိုက်ခံရခြင်းကြောင့် သေဆုံးခြင်း၊ အရှင်လတ်လတ်ရောင်းစားခံရခြင်း၊  စားကျက်မြေပျောက်ဆုံးခြင်းနှင့် ဓမ္မတာတိုင်း သေဆုံးခြင်းတို့ကြောင့်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၃)မှ အမျိုးသားလွှတ်တေ်ာကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်ကပြောသည်။

အလားတူ သစ်တောဝန်ထမ်းများ မလုံလောက်ခြင်း၊ တောဆင်ရိုင်းများကို သတ်ဖြတ်သူများထံမှ ကာကွယ်ရန် စောင့်ကြည့်ကိရိယာများ အားနည်းခြင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးဝန်ကြီးဌာနအပြင် ဆက်စပ်ဝန်ကြီးဌာနများ၊ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုအားနည်းခြင်းနှင့် ဖမ်းဆီးရမိသည့် တရားခံများကို အရေးယူရာတွင် ပြစ်ဒဏ်ချမှတ်မှုများက အားနည်းနေသောကြောင့် တောဆင်ရိုင်းသတ်ဖြတ်ခံနေရမှုများ ရှိနေကြောင်း ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၃)မှ အမျိုးသားလွှတ်တေ်ာကိုယ်စားလှယ်က ပြောသည်။

“ကမ္ဘာတစ်ဝန်းမှာ ဒီဆင်စွယ်ရောင်းဝယ်တဲ့ စျေးကွက်က နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ လောက်ရှိပြီးတော့ ဒါဟာ လက်နက်ကုန်ကူးမှု၊ မူးယစ်ဆေးဝါး ကုန်ကူးမှုတွေ ပြီးရင် အကြီးမားဆုံးသော တရားမဝင်ရောင်းဝယ်ရေး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီကနေ ငွေကြေးအမြောက်အများ အမြတ်အစွန်းတွေ အများကြီး ရရှိလို့ပဲဖြစ်ပါတယ်”ဟု ဒေါ်ရွှေရွှေစိန်လတ်က ပြောသည်။

လက်ရှိကမ္ဘာပေါ်တွင် ဆင်စွယ်အများဆုံးဝယ်ယူတင်သွင်းသည့်နိုင်ငံသည် တရုတ်နိုင်ငံဖြစ်ပြီး အဆိုပါ နိုင်ငံတွင်လည်း ဆင်စွယ်ရောင်းဝယ်မှုကို တရားဝင် ပိတ်ပင်ထားကာ မြန်မာနိုင်ငံမှ ဆင်စွယ်များအပါအဝင် အာဖရိကမှဆင်စွယ်များကိုပါ မြန်မာနယ်စပ်ဒေသများမှ တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့ရောင်းချနေကြောင်း သိရသည်။

သစ်တောဝန်ကြီးဌာန၏တရားဝင် ထုတ်ပြန်ချက်များအရ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အသတ်ခံရသည့်တောဆင်ရိုင်းကောင်ရေ ၉၇ ကောင်နှင့် သာမန်သေဆုံးသည့်ကောင်ရေ  ၅၃ ကောင်ရှိကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required