လှိုင်မြို့နယ်မှ ၃ လောင်းပြိုင်လူသတ်မှု သေဒဏ်ချမှတ်

လှိုင်မြို့နယ်မှ ၃ လောင်းပြိုင်လူသတ်မှု သေဒဏ်ချမှတ်

ရန်ကုန်၊ ဒီဇင်ဘာလ ၄ ။             ။ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၉ ရပ်ကွက်၊ လှိုင်သီရိအိမ်ရာ၊ တိုက် (၃)ရှိ အခန်းတစ်ခန်းတွင် ဖြစ်ပွားခဲ့သည့် ၃ လောင်းပြိုင်လူသတ်မှုနှင့်ပတ်သက်ပြီး အဓိက ကျူးလွန်ခဲ့သူ ဇွဲလင်းထက်အား ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးမှ သေဒဏ်ချမှတ်လိုက်သည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ဒီဇင်ဘာလ ၄ ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှ အမှုစစ် တရားသူကြီးက အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဓိက တရားခံဖြစ်သူ ဇွဲလင်းထက်အား သေဒဏ်၊ ဇွဲလင်းထက်၏ မိခင်ဖြစ်သူ ဒေါ်တင်ရီနှင့် ဇနီးဖြစ်သူ ခင်ခင်ဖြိုးတို့အား သက်သေခံဖျောက်ဖျက်မှု၊ အားပေးကူညီမှုအပါအဝင် ပုဒ်မ ၃ ခုဖြင့် ထောင်ဒဏ် ၁ဝ နှစ်ခွဲစီ ကျခံစေရန် အသီးသီးအမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ  ဒေါ်ကေသီလှိုင်၏ ခင်ပွန်းဖြစ်သူ ဦးလှမျိုး ထွန်းက မဇ္စျိမသို့ ပြောသည်။

“ စစ ဦးချင်းအမှုကို တည်ဆောက်တဲ့ ပုံစံကို ကိုယ်မကျေနပ်ဘူး။ ဘာကြောင့်လဲဆိုတော့ သိတဲ့အတိုင်းပဲ လူသုံးယောက်ကို တစ်ယောက်တည်းကပဲ သတ်သွားတယ်ဆိုတဲ့အချက်ရယ်။ နောက်တစ်ခါ သတ်တဲ့ နေရာမှာ သုံးတဲ့ ဓားနှစ်ချောင်းလုံးကို ရဲတပ်ဖွဲ့က ရအောင်မရှာနိုင်ဘဲနဲ့ ဒီအမှုကိုတရားရုံးကိုတင်တယ်ဆိုတဲ့ ကိစ္စရယ်။ လူသတ်ပြီးတော့ မောင်းယူသွားပါတယ်ဆိုတဲ့ကားက လူသတ်သမားကို ဖမ်းမိပြီးတော့ နောက်တစ်ရက်မှာ ရဲစခန်းကို အောက်တိုမတ်တစ်ပြန်ရောက်လာပါတယ်ဆိုတဲ့ အချက်ရယ်။ နောက်တစ်ခါ ရဲတပ်ဖွဲ့ကနေပြီးတော့ Yangon Police ဖေ့စ်ဘုတ်မှာ CCTV မှတ်တမ်းတွေအရ သူ့ကို ဖမ်းပါတယ်ဆိုပြီး တရားရုံးကို CCTV မှတ်တမ်းတွေ မတင်ပြနိုင်ဘူးဆိုတဲ့  အချက်ရယ်။ နောက်တစ်ခါ ဒီရဲဖေ့စ်ဘုတ်မှာ လူသတ်သမားသုံးတဲ့ ဓားကို အိမ်မှာ တွေ့ပါတယ်ဆိုပြီးတော့ ဓာတ်ပုံရိုက်ပြီးတင်ထားတယ်။ ဒါပေမယ့် အဲ့ဒီဟာ တရားရုံးကို ရောက်တဲ့ အချိန်မှာ အဲ့ဒီအပေါ်မှာ ဘာမှ သဲလွန်စရှာမရတော့ဘူးဆိုတဲ့အချက်ရယ် ဒါတွေ အားလုံးကို လုံးဝမကျေ နပ်ပါဘူး” ဟု သေဆုံးသူ  ဒေါ်ကေသီလှိုင်၏ ခင်ပွန်းဖြစ်သူ ဦးလှမျိုးထွန်းက ပြောသည်။

ယင်းအမှုဖြစ်စဉ်မှာ လှိုင်သီရိအိမ်ရာ တိုက်အမှတ် (၃)၊ ခြောက်လွှာရှိတိုက်ခန်းတစ်ခန်းမှ အပုပ်နံ့ထွက်နေပြီး အဝါရောင်အရည်များစီးကျနေသဖြင့် ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်၊ ည ၇ နာရီခန့်တွင် ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် ရဲတပ်ဖွဲ့က အိမ်ရှင်များထံ ဖုန်းဆက်ခဲ့သော်လည်း  ပြန်ပြီးဖြေကြားခြင်းမရှိသဖြင့် အိမ်သော့ဖျက်ပြီး ဝင်ရောက်စစ်ဆေးခဲ့ရာမှ  ဒေါ်ကေသီလှိုင်၊ ၎င်း၏ သမီးဖြစ်သူ အသက် ၉ နှစ်အရွယ် မသာယာထွန်းနှင့် အသက် ၂၅ နှစ်အရွယ်  မအေးမာဦးတို့သုံးဦးအား ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

၃ လောင်းပြိုင်လူသတ်မှုအား ပြစ်မှုကျူးလွန်ခဲ့သူ ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၉) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် ဇွဲလင်းထက်အား  အချိန် ၃ နာရီအတွင်း ဖမ်းဆီးနိုင်ခဲ့သည်။

၎င်း၏ ထွက်ဆိုချက်အရ ဇွဲလင်းထက်မှာ သေဆုံးသူ မကေသီလှိုင် မန်နေဂျာအဖြစ် လုပ်ကိုင်နေသည့် ဆိုင်မှ ဝန်ထမ်းဖြစ်ပြီး လစာတိုးပေးရန် ကိစ္စ နေအိမ်သို့ သွားရောက်ပြောဆိုရာမှ စကားများကာ လူသတ်မှုကျူး လွန်ခဲ့ခြင်းဖြစ်ကြောင်း၊ လူသတ်မှုကျူးလွန်ပြီးနောက် အဆိုပါ နေအိမ်မှ ငွေကျပ် ၄ သိန်း၊ ရွှေထည်ပစ္စည်း အပါအဝင် Laptop တစ်လုံး၊ ဖုန်းနှင့် ကားသော့တို့ကို ယူကာ ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း ရဲထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ဓာတ်ပုံ - ရန်ကုန်တိုင်းရဲတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly