ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ရသော အငှားယာဉ်မောင်းအတွက် တာဝန်ရှိသူများကို အရေးယူသင့်ဟု လူ့အခွင့်အရေးကော်မရှင် အကြံပြု

ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ရသော အငှားယာဉ်မောင်းအတွက် တာဝန်ရှိသူများကို အရေးယူသင့်ဟု လူ့အခွင့်အရေးကော်မရှင် အကြံပြု

ရန်ကုန် ၊ ဒီဇင်ဘာ ၄ ။           ။ ရဲတပ်ဖွဲ့ဝင်များ၏ နှိပ်စက်ညှင်းပန်းစစ်ဆေးမှုကြောင့် သေဆုံးခဲ့ရသည့် အငှားယာဉ်မောင်းကိစ္စတွင် တာဝန်ရှိသူ ရဲတပ်ဖွဲ့ဝင်များကို စစ်ဆေးဖော်ထုတ်ပြီးလိုအပ်သလို အရေးယူဆောင်ရွက်သင့်သည်ဟု မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က သက်ဆိုင်ရာဝန်ကြီးဌာနကို အကြံပြုစာပေးပို့ခဲ့သည်။

 လူ့အခွင့်အရေးကော်မရှင်အနေဖြင့် သေဆုံးသူ၏ မိသားစုဝင်များ၊ သေဆုံးသူနှင့်အချုပ်အတွင်း တွေ့ဆုံခဲ့သူများ ၊သန်လျင်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် ကော်မရှင်စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပေးပို့အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူ ကိုအောင်အောင်သည် အသက် ၂၈ နှစ်အရွယ် အငှားယာဉ်မောင်းတစ်ဦးဖြစ်ပြီး ဘတ္ထရီ ပျောက် ဆုံးမှုတွင် ခိုးယူခဲ့သူနှစ်ဦးမှ ၎င်း၏ကားအားငှားရမ်းခဲ့ခြင်းကြောင့် အမှုတွင်ပါဝင်ပတ်သက်သည် ဟုဆိုကာ စက်တင်ဘာ ၁၂ ရက်နေ့ညပိုင်းတွင် ဖမ်းဆီးခံခဲ့ရပြီး စက်တင်ဘာ ၂၆ ရက်နေ့ရုံးထုတ်တွင် သေဆုံးခဲ့ခြင်း လည်းဖြစ်သည်။

ယင်းအတွက်ကြောင့် သေဆုံးသူသည် ခိုးမှုမသင်္ကာဖြင့် သန်လျင်မြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ခံရစဉ် အတွင်း ရဲတပ်ဖွဲ့ဝင်များ၏ နည်းမျိုးစုံနှိပ်စက် ညှဉ်းပန်းမှုကြောင့်သေဆုံးခဲ့သည့်အတွက် စုံစမ်းစစ်ဆေး မှုများ ပြုလုပ်ပေးရန် မိသားစုက မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ကော်မရှင်၏ အကြံပြုချက်အရ အဆိုပါအမှုနှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်ထားရှိမှုများကိုလည်း သေဆုံးသူ ကိုအောင်အောင်၏ မိသားစုအား တာဝန်ရှိသူများက နားလည်သဘောပေါက်အောင် ပြောကြား သင့်ကြောင်း၊ နောင်တွင် ယခုလို ကိစ္စရပ်မျိုး မပေါ်ပေါက်ရန် သင်ခန်းစာအဖြစ် ဖော်ထုတ်ဆောင်ရွက် သင့်ကြောင်း ပါရှိသည်။

 ပြီးခဲ့သည့် သြဂုတ်လအတွင်း၌လည်း ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့မစခန်းတွင် ငါးဖမ်းပိုက် ပျောက်ဆုံး မှုကြောင့် ဖမ်းဆီးခံထားရသည့် အချုပ်သားတစ်ဦးသေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပြီး ယင်းကိစ္စတွင် တာဝန်ရှိသူ အမှုစစ်နှင့် ရဲတပ်ဖွဲ့ဝင်များအား အမြန်ဆုံးထိရောက်စွာ အရေးယူဆောင်ရွက်ရန် လူ့အခွင့်အရေး ကော်မရှင်က ပြည်ထဲရေးဝန်ကြီးဌာနကို အကြံပြုစာပေးပို့ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly