မကွေးတွင် အခမဲ့ ပန်းချီသင်တန်း နှစ်လ ပို့ချမည်

မကွေးတွင် အခမဲ့ ပန်းချီသင်တန်း နှစ်လ ပို့ချမည်

မကွေး၊ ဒီဇင်ဘာ ၄ ။            ။ ပန်းချီပညာကို စနစ်တကျအခြေခံပါပါသင်ကြားတတ်မြောက်လိုသူများအတွက် မကွေးမြို့နယ်၊ပန်းချီအစည်း အရုံးမှ အခြေခံပန်းချီသင်တန်းကို ပို့ချသွားမည်ဖြစ်ပြီး မကွေးမြို့ ၊ ပြည်တော်သာလမ်းပေါ်ရှိ ရွှေအိမ်တော် မင်္ဂလာခန်းမအပေါ်ထပ်၌ ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့မှစ၍ (၂)လကြာ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“သင်တန်းက သောကြာ၊စနေ၊တနင်္ဂနွေ တစ်ပတ်ကိုသုံးရက်ဖွင့်မယ်။ ညနေ ၄နာရီကနေ ၆နာရီအထိ ။ ကျောင်း အား၊ရုံးအားတဲ့ ကျောင်းချိန်၊ ရုံးချိန်လွတ်တဲ့ အချိန်တစ်ခုကိုရွေးပြီး စီစဉ်ထားပါတယ်။ မည်သူမဆို တက်နိုင်ပါ တယ်။ သင်တန်း ကြေးမပေးရပါဘူး။ ပန်းချီပစ္စည်းတွေ ဝယ်ဖို့အတွက်ပဲ တစ်လကို ငါးထောင်ကောက်မယ်။ ပုံဆွဲတတ်အောင်သင်မှာမဟုတ်ဘူး။ ပန်းချီဆွဲတတ်အောင်သင်ပေးလိုက်မှာ။ ပန်းချီဆွဲတတ်တဲ့ အခြေခံ ပညာကိုရသွားအောင် သင်ပေးမှာ ဖြစ်ပါတယ်” ဟု မကွေးပန်းချီအစည်းအရုံး၏ ဒုတိယဥက္ကဋ္ဌ ဆရာသူရိန်မြိုင် က ပြောသည်။

နိုင်ငံတကာပန်းချီပညာကျောင်းများ၏မူအရ အခြေခံပန်းချီပညာတွင် Line ၊ Tone ၊ Value ၊ Colour ၊ Texture ဟူ၍(၅)မျိုးပါဝင်ပြီး ခဲရေးပန်းချီ နှင့် တစ်ရောင်ဆွဲပန်းချီကိုအဓိကထားသင်ကြားပေးမည်ဖြစ်ကြောင်း ၊ သင်တန်းပြီးပါက ပန်းချီပြပွဲတစ်ခုလုပ်ပေးမည်ဖြစ်ကာ အကောင်းဆုံးဆုများ ချီးမြှင့်ပေးသွားရန် အစီအစဉ် ရှိကြောင်း သိရသည်။

သင်တန်းသို့ ကျားမ၊အသက်အရွယ်မရွေး တက်ရောက်သင်ကြားနိုင်ပြီး တက်ရောက်လိုသူများအနေဖြင့် ပန်းချီ အစည်းအရုံးဥက္ကဋ္ဌ ဦးဖုန်းမော်(ရွှေအိမ်တော်မင်္ဂလာခန်းမ) ၊ အတွင်းရေးမှူး ဦးမင်းသူ(ဗိုလ်ချုပ်လမ်း နှင့် ပြည်တော်သာလမ်းထောင့် ပန်းချီဆိုင် ) ၊ ဒုဥက္ကဋ္ဌ ဦးသူရိန်မြိုင် (ရွာသစ်ရပ်၊၁၉လမ်း) ဖုန်း ၀၉၉၆၀၆၇၉၀၉၂ တို့ထံ စာရင်းပေးဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required