မကွေးတွင် လိုက်ထရပ်နှင့်ထွန်စက်တိုက်မှုဖြစ်ပွား၊ သုံးဦးသေဆုံး

မကွေးတွင် လိုက်ထရပ်နှင့်ထွန်စက်တိုက်မှုဖြစ်ပွား၊ သုံးဦးသေဆုံး

မကွေး၊ဒီဇင်ဘာ ၄ ။              ။ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ၊ မကွေး-နတ်မောက်ကားလမ်း မိုင်တိုင်(၈၅/၃)နှင့်(၈၅/၄)အကြား လမ်း လယ်တွင် လိုက်ထရပ်ယာဉ်နှင့်နောက်တွဲပါ ထွန်စက်တစ်စီးတိုက်မိမှုတစ်ခု ဒီဇင်ဘာလ ၃ရက်ည ၈နာရီ ၄ဝမိနစ် အချိန်ကဖြစ်ပွားခဲ့သည်ဟု မကွေးတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ နတ်မောက်မြို့နယ်၊သရက်ချဉ်ကျေးရွာတွင် နေထိုင်သော ဝင်းကြိုင်(၃၁)နှစ်သည်အပြာရောင်လိုက်ထရပ်ယာဉ်ဖြင့် မကွေးမြို့မှ နတ်မောက်မြို့နယ်ဘက်သို့ မကွေး - နတ်မောက်ကားလမ်းအတိုင်း မောင်းနှင်လာ စဉ်မိုင်တိုင်(၈၅/၃)နှင့် (၈၅/၄)အကြား လမ်းလယ်၌ မျက်နှာချင်းဆိုင်မှမကွေးမြို့နယ်ဘက်သို့ မကွေးမြို့နယ်၊ကုန်းကြီးကျေးရွာတွင် နေထိုင်သူ ဦးသာအောင်(၅၆)နှစ်မောင်းနှင်လာသည့်နောက်တွဲပါထွန်စက်ဖြင့်တိုက်မိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာကြသော ဦးလာဘ(၄၂)နှစ်၊ မမြညွှန့် (၄၄)နှစ်နှင့် ဦးဇော်ကြီး (၃၈)နှစ် နတ်မောက်မြို့နယ်၊သရက်ချဉ်ကျေးရွာနေထိုင်သူများတွင် ဦးခေါင်းဒဏ်ရာ ထိခိုက်မှုတို့ဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ကျန်ယာဉ်မောင်းဝင်းကြိုင်အပါအဝင် နတ်မောက်မြို့နယ်တွင် နေထိုင်သူ(၁၄)ဦးမှာ ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့ပြီး မကွေးတိုင်းပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း မကွေးမြို့နယ်ညောင်ကန်နယ်မြေ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး လိုက်ထရပ်ယာဉ်မောင်း ဝင်းကြိုင်နှင့်နောက်တွဲပါ ထွန်စက်ယာဉ်မောင်း ဦးသာအောင်တို့အား (ပ)၁၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ဖြင့် မကွေးမြို့နယ်၊ညောင်ကန်နယ်မြေရဲစခန်း တွင် အမှုဖွင့်ထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required