အစွန်းရောက်ဘာသာတရားတစ်ခုဟု သုံးနှုန်းမှု ဘင်္ဂလီအသိုင်းအဝိုင်းကို ဆိုလိုဟု သာဝန်ချေပ

အစွန်းရောက်ဘာသာတရားတစ်ခုဟု သုံးနှုန်းမှု ဘင်္ဂလီအသိုင်းအဝိုင်းကို ဆိုလိုဟု သာဝန်ချေပ
  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဒီဇင်ဘာ ၄ရက်၊ ၂၀၁၈ခုနှစ်)။    ။ အစွန်းရောက် ဘာသာတရားတစ်ခုဟု သုံးနှုန်းခဲ့ခြင်းသည် ဘင်္ဂလီအသိုင်းအဝိုင်းကို ရည်ညွှန်း ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားလိုက်သည်။

“တစ်ကယ်တော့ အခြားဘာသာကြီးတစ်ခုဆိုတာ ဘင်္ဂလီကို ရည်စူးတာပါ။ ဘင်္ဂလီက သူတို့က ရသိန်းကျော်လို့ ပြောတယ်။ နောက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဟာစီနာက ကုလသမဂ္ဂညီလာခံမှာ တစ်သန်းလို့ ပြောတယ်။ သူတို့ အဲ့လိုပြောပြီးမှ နိုင်ငံတကာ အကူအညီအထောက်အပံံ့တွေ တောင်းပြီးမှ ဝေမျှစားနေကြတာပါ” ဟု သူရဦးအောင်ကိုက ပြောသည်။

နေပြည်တော်ရှိ MICC-2 တွင် ဒီဇင်ဘာ ၄ရက်က ပြုလုပ်သည့် အခြေခံပညာဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသည့် ဝန်ကြီး သူရဦးအောင်ကိုက မီဒီယာများ၏ မေးမြန်းမှုကို ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“နောက်ပြီးတော့ ဘင်္ဂလီလူငယ်လေးတွေကိုလည်း သူတို့က ဒုက္ခသည်စခန်းတွေမှာ ရိုက်သွင်းထားတဲ့ စိတ်ဓာတ်က ရခိုင်ကို ချီတက်ကြမယ်။ မြန်မာနိုင်ငံကို ချီတက်ကြမယ်။ ဒီလိုဖြစ်နေတာကိုး။ အဲ့မှာ ပြည့်ကြပ်နေတဲ့ လူဦးရေတွေဟာ ဘင်္ဂလီတွေက သူတို့ရဲ့ အနာဂတ်ရည်မှန်းချက်က မြန်မာနိုင်ငံကို ချီတက်ကြမယ်။ အဲ့လို ဖြစ်နေတာ။ ဖြစ်တော့ အဲ့ဒါကို ရည်စူးပြောတာ ဖြစ်ပါတယ်” ဟု ဝန်ကြီး သူရဦးအောင်ကိုက ဆက်လက်ပြောကြားသည်။

နိုဝင်ဘာ ၂ရရက်က ဘားအံမြို့တွင် ပြုလုပ်သည့် မြိုင်ကြီးငူ ဆရာတော်၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားတွင် သူရဦးအောင်ကိုက ဘာဘာသာရေးဆိုင်ရာ ကိစ္စရပ်များ ဆရာတော်ကြီးများထံ လျှောက်ထားရာတွင် ထည့်သွင်းသုံးနှုန်းခဲ့မှုအပေါ် အထက်ပါအတိုုင်း တုံ့ပြန်ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ အခမ်းအနားတွင် ဆရာတော်ကြီးများကို လျှောက်ထားရာတွင် သူရဦးအောင်ကိုက ‘‘တပည့််တော်တို့က တစ် လင်တစ်မယားစနစ်နဲ့ သားသမီး တစ်ယောက်၊ နှစ်ယောက် ယူနေ တဲ့အချိန်မှာ အစွန်းရောက်ဘာ သာကြီးတစ်ခုက ဇနီးမယား သုံး၊ လေးယောက်ယူပြီးတော့မှ သား၊ သမီး ၁၅ ယောက်၊ ၂၀ မွေးဖွား နေတဲ့အချိန်မှာ နောင်နှစ် သုံး၊ လေး၊ ငါးဆယ်ကာလကြာမြင့်ရင် ဒီပြည်ထောင်စုကြီးမှာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ မြန်မာတိုင်းရင်းသားများက လူနည်းစုဖြစ်သွားမှာ သေချာနေပါတယ်ဘုရား” ဟု ထည့်သွင်း သုံးနှုန်းခဲ့သည်။

ဝန်ကြီး၏ ထိုအသုံးအနှုန်းအပေါ် အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတစ်ချို့က ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။

ထိုသို့ အစွန်းရောက် ဘာသာတစ်ရာတစ်ခုဟု သုံးနှုန်းခြင်းမှာ ရည်ရွယ်ချက်ရှိရှိ သုံးနှုန်းခြင်း မဟုတ်ဘဲ ဘာသာအသီးသီး၏ ဘာသာရေးအယူအဆ ပြင်းထန်သူများကိုသာ ညွှန်းဆိုသုံးနှုန်းခဲ့ခြင်း ဖြစ်သည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက နိုဝင်ဘာ ၃ဝရက်တွင် အများပြည်သူ သိရှိစေနိုင်ရန် ဟူ၍ ရှင်းလင်းချက် ထုတ်ပြန်ထားသည်။

 “တချို့ ပြည်တွင်းက အစ္စလာမ်အသိုင်းအဝိုင်းက အထင်အမြင်လွဲတော့ ပြန်ရှင်းပြပါတယ်။ နစ်နာလိုစိတ် မရှိပါဘူး။ ဘင်္ဂလီအသိုင်းအဝိုင်းကို ပြောတာပါ” ဟု သူရဦးအောင်ကိုက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly