တပ်မတော်နှင့် AA တို့ တစ်လကျော်အတွင်း တိုက်ပွဲ ၁၁ ကြိမ်ခန့်ဖြစ်ပွား

တပ်မတော်နှင့် AA တို့ တစ်လကျော်အတွင်း တိုက်ပွဲ ၁၁ ကြိမ်ခန့်ဖြစ်ပွား
ဓာတ်ပုံ - AA

ရန်ကုန်၊ ဒီဇင်ဘာ ၄ ။              ။ တပ်မတော်နှင့် ရက္ခိုင့်တပ် (AA) တို့ နိုဝင်ဘာလနှင့် ဒီဇင်ဘာလဆန်းပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲ အရေအတွက်မှာ ၁၁ ကြိမ် ခန့်ရှိနေပြီဖြစ်ကြောင်း AA ဘက်မှ ထုတ်ပြန်ချက်များအရသိရသည်။

တိုက်ပွဲဖြစ်ပွားမှုများမှာ နိုဝင်ဘာ ၁၃ ရက်၊ နိုဝင်ဘာ  ၁၅ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ နိုဝင်ဘာ ၂၂ ရက်၊ နိုဝင်ဘာ ၂၉ ရက်တို့တွင် တစ်ကြိမ်စီနှင့် နိုဝင်ဘာ ၃ဝရက်တွင် တိုက်ခိုက်မှု ၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အလားတူ ဒီဇင်ဘာလဆန်းပိုင်းဖြစ်သည့် ဒီဇင်ဘာ ၁ရက်နေ့နှင့် ၃ရက်နေ့များတွင်လည်းတိုက်ပွဲများဖြစ်ပွားခဲ့ပြီး ထိပ်တိုက်ရင်ဆိုင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ စုစုပေါင်း ၁၁ ကြိမ်ခန့်ရှိပြီလည်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများမှာ ကုလားတန်မြစ်ကြောင်းတစ်လျှောက်နှင့် ဘူးသီးတောင်မြို့မြောက်ဘက် နေရာများဖြစ်ကြောင်း လည်းသိရသည်။

အဆိုပါနေရာများသည် တပ်မတော်နှင့် AA တို့အကြား မကြာခဏ တိုက်ပွဲများဖြစ်ပွားလေ့ရှိသည့်နေရာများ လည်းဖြစ်ပြီး တပ်မတော်ဘက်မှ AA အဖွဲ့အခြေစိုက်သည့်နေရာများသို့ ထိုးစစ်ဆင်လာသောကြောင့် ထိတွေ့ မှုများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း AA ဘက်မှထုတ်ပြန်ပြောဆိုထားသည်။

နောက်ဆုံးဖြစ်ပွားခဲ့သောတိုက်ပွဲမှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက်နေ့၊ ညနေ(၃ ) နာရီ(၄၀) မိနစ်မှစတင်ပြီး ညနေ(၆) နာရီ(၄၀) မိနစ်အထိ ဘူးသီးတောင်မြို့မြောက်ဘက်၊ "နဟန်း"နှင့်"ဝါးနက်ရုံ"အကြားတွင် သုံးနာရီ ခန့်ကြာဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါတိုက်ပွဲများနှင့်ပတ်သက်၍ ရက္ခိုင့်တပ် (AA)နှင့် တပ်မတော်တာဝန်ရှိသူများထံ မေးမြန်းရန်ကြိုးစား သော်လည်း နှစ်ဘက်လုံးမှဖုန်း အဆက်အသွယ်မရခဲ့ပေ။

AA သည် တပ်မတော်နှင့် တိုက်ပွဲအများဆုံးဖြစ်ပွားလေ့ရှိသည့် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့ထဲမှတစ်ဖွဲ့ အပါအဝင်ဖြစ်ပြီး တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ် (NCA) ရေးထိုးထားခြင်း မရှိသေးသည့် အဖွဲ့လည်းဖြစ်သည်။

ထို့အပြင် NCA မရေးထိုးဘဲ နိုင်ငံရေးဆွေးနွေးရန်ကြိုးပမ်းနေသည့် “ ဝ”အဖွဲ့ဦးဆောင်သော FPNCC အဖွဲ့ဝင်လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly