ဆောင်းပါးပါ အချက်အလက်များ မှားယွင်းမှုမရှိဟု အလဲဗင်း ဆို

ဆောင်းပါးပါ အချက်အလက်များ မှားယွင်းမှုမရှိဟု အလဲဗင်း ဆို

ရန်ကုန် ၊ ဒီဇင်ဘာ ၄ ။            ။ ရန်ကုန်တိုင်းအစိုးရ၏ ဘဏ္ဍာငွေသုံးစွဲမှုနှင့်ပတ်သက်ပြီး ရေးသားထားသည့်ဆောင်းပါးပါ အချက်အလက်များ မှားယွင်းမှုမရှိခြင်းကြောင့် တိုင်းအစိုးရအဖွဲ့အားတောင်းပန်ရန်မရှိကြောင်း သတင်းမီဒီယာကောင်စီ၌ အလဲဗင်း မီဒီယာက ပြောဆိုခဲ့သည်။

ရန်ကုန်တိုင်းအစိုးရ နှင့် အလဲဗင်းမီဒီယာတို့အကြား ဖြစ်ပေါ်နေသည့် ကိစ္စနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၃ ရက်နေ့က သတင်းမီဒီယာကောင်စီတွင် ဖြေရှင်းရာ၌ အလဲဗင်းမီဒီယာဘက်ကပြောဆိုခဲ့ခြင်းဖြစ်သည်ဟု သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းက မဇ္စျိမသို့အတည်ပြုပြောဆိုခဲ့သည်။

“ဆောင်းပါးရှင် ကိုဖြိုးဝေက ကျွန်တော်အနေနဲ့ မှန်ကန်အောင် ရေးထားတယ်ပေါ့နော်။ အဲ့မှာ သူ သုံးစွဲသွားတဲ့စကားလုံးက ကျွန်တော်အနေနဲ့ တောင်းပန်ဖို့မရှိပါဘူးလို့ ပြောသွားတယ်” ဟု ဦးကျော်စွာမင်းကဆိုသည်။

အလဲဗင်းမီဒီယာဘက်မှ ပြောဆိုချက်များကို စုစည်းပြီး တိုင်ကြားသူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဘက်သို့ ဆက်သွယ်ဆောင်ရွက်သွားမည်ဟု သိရသည်။  သတင်းမီဒီယာကောင်စီအနေဖြင့် တိုင်းအစိုးရနှင့် အလဲဗင်း မီဒီယာတို့အကြားဖြစ်ပွားနေသည့် ပြဿနာတွင် ကြားဝင်ညှိနှိုင်းနေသည့် လမ်းကြောင်းပေါ်တွင်သာ ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ဦးကျော်စွာမင်းက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ဝေခဲ့သည့် Weekly Eleven ဂျာနယ် စာမျက်နှာ ၂၆ တွင်ပါဝင်သည့် ကလောင်အမည် ဖြိုးဝေ၏ " အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူ မှန်း မသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ " ခေါင်းစဉ်နှင့် ဆောင်းပါး ပါ အချက်အလက် များကို အဓိက ကိုးကားပြီး အလဲဗင်း မီဒီယာမှ အယ်ဒီတာနှစ်ဦး နှင့် သတင်းထောက်ချုပ်တို့ကို ၅၀၅ (ခ)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တိုင်းအစိုးရအဖွဲ့မှ ယင်းသို့တရားစွဲဆိုခဲ့သော်လည်း သတင်းမီဒီယာကောင်စီတွင်တိုင်ကြားပြီးမှ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်ရန် သမ္မတက ညွှန်ကြားခဲ့ခြင်းကြောင့် အမှုရုပ်သိမ်းပြီး သတင်းမီဒီယာကောင်စီမှတဆင့် ကြားဝင်ညှိနှိုင်းနေခြင်းဖြစ်သည်။

သတင်းမီဒီယာကောင်စီမှ တဆင့် ညှိနှိုင်းဆောင်ရွက်၍ မရရှိပါက ဥပဒေအတိုင်းဆက်လက်ဆောင်ရွက်သွားရန် သမ္မတရုံးမှ ညွှန်ကြားချက်ရရှိထားသည်ဟု နိုဝင်ဘာ ၈ ရက်နေ့တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုင်ငံပိုင်မီဒီယာများနှင့် sky net ရုပ်သံလိုင်းကို ဖိတ်ခေါ်ပြီးပြောဆိုထားဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required