ကျွန်တော်ဟာ သေသွားလို့ အစားထိုးထားတဲ့ ရုပ်ဆင်သူ အတုမဟုတ်ပါဘူးလို့ နိုင်ဂျီးရီးယား သမ္မတ ဖြေရှင်းနေရ

ကျွန်တော်ဟာ သေသွားလို့ အစားထိုးထားတဲ့ ရုပ်ဆင်သူ အတုမဟုတ်ပါဘူးလို့ နိုင်ဂျီးရီးယား သမ္မတ ဖြေရှင်းနေရ
Photo: AFP

အဘူဂျာ၊ ဒီဇင်ဘာ ၄ ။      ။ နိုင်ဂျီးရီးယားသမ္မတ မိုဟမ်မာဒူဘူဟာရီဟာ သူ နေထိုင် မကောင်းဖြစ်ရာကနေ အရင်းခံပြီး ထွက်ပေါ်လာတဲ့ သူက သေသွားပြီး ရုပ်ဆင်တဲ့သူကို အစားထိုး ထားခဲ့တာလို ပြောဆိုနေကြတဲ့ ကောလဟလတွေ ပြန့််နှံ့ထွက်ပေါ်နေတာကြောင့် တနင်္ဂနွေနေ့မှာတော့ နှုတ်ဆိတ်မနေနိုင်တော့ဘဲ ထွက်ပြီး ဖြေရှင်းရပြီ ဖြစ်ပါတယ်။

“ကျွန်တော်ဟာ ကျွန်တော် အစစ်ပါ။ ရေမရောပါဘူးဗျာ။ ကျွန်တော့်ရဲ့ ၇၆ နှစ်ပြည့် မွေးနေ့ကို မကြာခင်မှာပဲ ကျင်းပဖို့ လုပ်နေပါတယ်။ နောက်ပြီး ကျန်းကျန်းမာမာပဲ ဆက်နေထိုင်သွားမှာ ဖြစ်ပါတယ်။”လို့ ပိုလန်ရောက် နိုင်ဂျီးရီးယားနိုင်ငံသားတွေနဲ့ တွေ့ဆုံချိန်မှာ ဘူဟာရီက ထုတ်ပြောခဲ့တာပါ။

ပိုလန်က ကာတိုဝီစီမြို့မှာ UN COP24 ရာသီဥတုဆိုင်ရာ အစည်းအဝေးကို ဘူဟာရီက လာရောက်တက်ရောက်ချိန်မှာ ခုလို ဖြေရှင်းပြောဆိုတာပဲ ဖြစ်ပါတယ်။

အာဖရိကရဲ့ လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ နိုင်ဂျီးရီးယားနိုင်ငံရဲ့ ခေါင်းဆောင်ဟာ ဂျူဘရေးလို့ ခေါ်တဲ့ အယောင်ဆောင် ရုပ်တူသူ အတုဖြစ်တယ်လို့ တွစ်တာ၊ ဖေ့ဘုတ်နဲ့ ယူကျူ့ဗီဒီယိုတွေကနေတစ်ဆင့် ကောလဟလတွေ ပြန့်နှံ့နေခဲ့တာ ဖြစ်ပါတယ်။

ဒီ အကြောင်းကိစ္စနဲ့ ပတ်သက်ပြီး ပရိသတ်ထဲက မေးမြန်းရာမှာ သမ္မတ ဘူဟာရီက သူဟာ အတုမဟုတ်ရကြောင်းကို ထပ်ပြန်ပြောဆို ဖြေရှင်းနေရတာပါ။

“ကျွန်တော် ဖျားတုန်း၊ နာတုန်းမှာ ကျွန်တော် သေဖို့ မျှော်လင့်နေတဲ့ သူတွေလည်း တော်တော်များများ ရှိတယ်။ တစ်ချို့ဆိုရင် ကျွန်တော် သေပြီ ယူဆပြီး ဒုတိယသမ္မတဆီကို လာရောက်လို့ သူတို့ကို အဲဒီ လက်ထောက်ရာထူးအတွက် စဉ်းစားပေးဖို့ ကမ်းလှမ်းပြောဆိုတာတွေတောင် ရှိခဲ့တယ်။”လို့ ဘူဟာရီက ဆိုပါတယ်။

ဘူဟာရီဟာ ပြည်သူ့ကို ဘယ်တော့မှ အသိပေးတာ မရှိခဲ့တဲ့ သူ့ရဲ့ အသည်းအသန် နာမကျန်းဝေဒနာအတွက် ၂၀၁၇ ခုနှစ် တစ်နှစ်လုံးလောက် နီးပါကို လန်ဒန်မှာ လာရောက်ဆေးကုသမှု ခံယူခဲ့သူလည်း ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ ပြန်လည်ရွေးကောက်ခံရဖို့အတွက်လည်း ကြိုးပမ်းလျက် ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required