မြန်မာ့ကိုယ်ခံပညာသိုင်းပေါင်းစုံ ပညာရပ်ကို ကမ္ဘာကသိစေမည့် Bozhena Antoniyar

မြန်မာ့ကိုယ်ခံပညာသိုင်းပေါင်းစုံ ပညာရပ်ကို ကမ္ဘာကသိစေမည့် Bozhena Antoniyar

ဒီဇင်ဘာ ၃ ။            ။ Bozhena Antoniyar သည် ၎င်း၏ ပရော်ဖက်ရှင်နယ် ကိုယ်ခံပညာသိုင်းပေါင်းစုံ ပွဲဦးထွက် ပြိုင်ပွဲအဖြစ် ဖေဖော်ဝါရီလက ကျင်းပခဲ့သော ONE: QUEST FOR GOLD ပြိုင်ပွဲကြီးတွင် တစ်နယ်တည်းနေသူ ရွှေစင် နှင့် ယှဉ်ပြိုင်ခဲ့ပြီးသည့်နောက် ၎င်း၏ အနာဂတ် တိုးတက်အောင်မြင်မှုကို စိတ်ဝင်တစားစောင့်ကြည့်နေသူများ ရှိနေသည်။

ပွဲချိန် ၂၄ စက္ကန့်အတွင်းမှာတင် မြန်မာနိုင်ငံသူ ကစားသမားAntoniyar သည် ကြိုးဝိုင်းအလယ်သို့ အရှိန်ပြင်းပြင်းဝင်ရောက်သွားပြီး ပြိုင်ဘက်အပေါ် လက်သီးချက်များကို အဆက်မပြတ်ထိုးနှက်ကာ ဒိုင်ပွဲရပ်ဖြင့် အပြီးသတ်အနိုင်ရယူခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ONE အက်တန်ဝိတ်တန်းသို့ သတိထားရမည့် ကိုယ်ခံပညာကစားသမားသစ်တစ်ဦး ရောက်ရှိလာခဲ့သည်။ ထိုပွဲသည် အက်တန် ဝိတ်တန်းသမိုင်းတွင် အစောဆုံးအပြီးသတ်အနိုင်ရရှိခဲ့သော ပွဲစဉ်ဖြစ်ခဲ့သည်။

Antoniyar ၏ လွှမ်းမိုးဆွဲဆောင်မှုရှိသော ကစားကွက်များကြောင့် အောက်တိုဘာလက ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့်  ONE: KINGDOM OF HEROES ပြိုင်ပွဲကြီး၌ ပါဝင်ယှဉ်ပြိုင် အရည်အချင်းပြသခွင့်ရရှိခဲ့သည်။ ရုပ်သံကြည့်ရှုသူ ၂၅ သန်းကျော်၏ ရှေ့မှောက်တွင် အသက် ၂၃နှစ်အရွယ် Antoniyar သည် ထိုင်းနိုင်ငံ ဂုဏ်ဆောင်ကစားသမား Rika Ishige နှင့် ရင်ဆိုင်ယှဉ်ပြိုင်ခဲ့သည်။

Ishige သည် ၎င်း၏ အားသာချက်ဖြစ်သော မြေပြင်ကစားကွက်ကို အသုံးပြုကာ ပထမအချီတွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့သည်။ သို့ရာတွင် ပြိုင်ပွဲအစတွင် Antoniyar ဘက်မှာ စတင်သော ပြင်းထန်သည့် တိုက်စစ်ဆင်ကစားမှုမှာ နိုင်ငံ့ဂုဏ်ဆောင် ကစားသမား ဟု ခေါ်ဆိုထိုက်ပေသည်။

 “Rika Ishige နဲ့ မပြိုင်ခင်မှာ ကျွန်မ အဲ့ဒီပြိုင်ပွဲအတွက် ပြင်ဆင်ချိန်် တစ်လသာရခဲ့ပါတယ်။” ဟု Antoniyar က ယခုတစ်ပတ် ပြိုင်ပွဲများအကြောင်းပြောရင်း ဖွင့်ဟခဲ့ပါသည်။

 “တွဲဆိုင်းထဲမှာ မတ်တပ်ရပ်ကစားကွက်က ကျွန်မအတွက် အခက်အခဲမရှိပေမယ့် မြေပြင်ကစားကွက်မှာတော့ ကျွန်မတော်တော်အခက်အခဲတွေ့ပါတယ်။” ဟု ၎င်းကဆိုသည်။

 “ကျွန်မ အရှုံးကနေ ရလိုက်တဲ့ သင်ခန်းစာကနေ ကျွန်မရဲ့ မြေပြင်ကစားကွက်တွေကို ပြန်ပြင်ဆင်ရမယ်။ ပြီးတော့ ဘရာဇီး ဂျူဂျစ်ဆု နဲ့ နပန်းကစားနည်းတွေကို အချိန်ပေးလေ့ကျင့်ရမယ်လို့လည်း သိလာရပါတယ်။” ဟု Antoniyar ကပြောသည်။

ထိုပြိုင်ပွဲ ပြီးသည့်နောက် Antoniyarသည် အရှေ့တောင်အာရှ၏ ထိပ်တန်းအားကစားရုံများမှ တစ်ခု အပါအဝင်ဖြစ်သည့် Bali MMA တွင် မနားမနေ လေ့ကျင့် သင်ယူလျက်ရှိသည်။

ထိပ်တန်း ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမားများဖြစ်သော Andrew နှင့် Anthony (Leone ညီနောင်) တို့ တည်ထောင်ထားသော Bali MMA သည် ONE အမျိုးသမီး စတောလ်ဝိတ် ကမ္ဘာ့ချန်ပီယံ Xiong Jing Nan ကဲ့သို့သော ONE ကစားသမားကောင်းတို့၏ နှလုံးအိမ်တစ်ခုဖြစ်သည်။

  “အစက ကျွန်မ Bali မှာ ပရော်ဖက်ရှင်နယ် ကစားသမားတွေနဲ့ လေ့ကျင့်ရမှာ စိတ်လှုပ်ရှားနေမိတယ်။ နောက်တော့ သူတို့ အားလုံးက နွေးနွေးထွေးထွေးရှိကြတာသိလာရပြီး ကျွန်မကိုလည်း သူတို့ အတတ်နို်င်ဆုံး အမြဲကူညီပေးကြတယ်။ အခုတော့ ကျွန်မကိုယ်ကျွန်မ Bali MMA ရဲ့ မိသားစုဝင်ဖြစ်လာပြီလို့ ခံစားရပါတယ်။” ဟု Antoniyar က ပြောသည်။

Ishige ကို ရှုံးနိမ့်ခဲ့ရပြီးနောက် Antoniyar သည် ကြိုးဝိုင်းအတွင်းသို့ ချက်ချင်းပြန်ဝင်ရန် မကြိုးစားခဲ့ချေ။ ထိုသို့ပြုလုပ်မည့်အစား ပြိုင်ပွဲများမှ အနားယူကာ ပွဲစဉ်ယှဉ်ပြိုင်မှုအတွက် တိုးတက်ရန် လိုအပ်မည့်နေရာများကို အချိန်ပေး၍ အာရုံစိုက်လေ့ကျင့်ရန် အမျှော်အမြင်ရှိစွာ ရွေးချယ်ခဲ့သည်။

သို့သော် Antoniyar ၏ ပြိုင်ပွဲဝင်ရန် ဆာလောင်မှုသည် ပြင်းထန််နေဆဲဖြစ်ပြီး လက်သီးပြင်းသော ကစားသမား ဖြစ်သူ Antoniyar သည် ပြိုင်ပွဲသို့ ပြန်လည်ဝင်ရောက်နိုင်မည့်နေ့ကို မျှော်လင့်လျက်ရှိသည်။

 “ပြိုင်ပွဲတွေမှာ ဝင်ပြိုင်လေ ကျွန်မအတွက် အတွေ့အကြုံပိုရလေဖြစ်လို့ မကြာခင်မှာ ပြိုင်ပွဲတွေ ထပ်ပြီး ပြိုင်ချင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် နောက်တစ်ခါ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ONE championship ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ချင်ပါတယ်။” ဟု ၎င်းက ဆိုသည်။

 Antoniyar အနေနှင့် ကမ္ဘာ့ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရခြင်းသည် ပုဂ္ဂလိက အောင်မြင်မှုရယူလိုခြင်းထက် မြန်မာနိုင်ငံကို ကိုယ်စားပြု ဂုဏ်ဆောင်လိုသောကြောင့် ပို၍ကြိုးစားယှဉ်ပြိုင်ခြင်းဖြစ်သည်။
 

“ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်ဖြစ်ရခြင်းက တိုင်းပြည် ဂုဏ်ဆောင်နိုင်လို့ ကျွန်မအတွက် အပျော်ရွှင်ရဆုံးအချက်ဖြစ်တယ်။” ဟု ၎င်းက ဆိုသည်။

“ကိုယ်ခံပညာ သိုင်းပေါင်းစုံပညာရပ်ကို မြန်မာနိုင်ငံမှာ လူသိပ်မသိသေးဘူး။ ကျွန်မက မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမားတစ်ယောက်ဆိုလည်း ဟုတ်ပါတယ်။” ဟု Antoniyar က ပြောသည်။

 “ကိုယ်ခံပညာအားကစားမှာ စံပြကစားသမားဖြစ်လာဖို့အတွက် ကျွန်မအများကြီး ကြိုးစားလေ့ကျင့်ရဦးမယ် ဆိုတာ သိပါတယ်။” ဟု ၎င်းက ဆိုသည်။

ကိုယ်ခံပညာသိုင်းပေါင်းစုံပညာရပ်သည် မြန်မာနိုင်ငံတွင် တိုးတက်နေဆဲဖြစ်သော်လည်း Antoniyar ကဲ့သို့  ကစားသမားများက နိုင်ငံဂုဏ်ဆောင် မျိုးဆက်သစ်များအား စိတ်ခွန်အားများပေးသောကြောင့် ကိုယ်ခံပညာရပ် အားကစား၏ အနာဂတ်ကို တောက်ပလာတော့မည်မှာ ဧကန်ပင်ဖြစ်သည်။

ထိုု့အတွက်ကြောင့် Antoniyar ၏ ကြိုးစားအားထုတ်မှုသည် စံပြုထိုက်သည့်ကစားသမားအဖြစ် သတ်မှတ်ရန် ထိုက်တန်သည်ဟု ဆိုရပေမည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required