ဘင်္ဂါလီများအား တာဝါတိုင်ပေါ်မှ စနိုက်ပါဖြင့် ပစ်ခတ်ခဲ့သည့်သတင်းအား အဖြေရှာနိုင်ရန် တယ်လီနောတောင်းဆို

ဘင်္ဂါလီများအား တာဝါတိုင်ပေါ်မှ စနိုက်ပါဖြင့် ပစ်ခတ်ခဲ့သည့်သတင်းအား အဖြေရှာနိုင်ရန် တယ်လီနောတောင်းဆို

ရန်ကုန် ၊ ဒီဇင်ဘာ ၃ ။            ။ နယ်မြေရှင်းလင်းရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် တပ်မတော်မှ တယ်လီနော၏ ဆက်သွယ်ရေးတာဝါတိုင်များကို အသုံးပြုခဲ့သည်ဟု ကုလားတန် သတင်းကွန်ရက်က ရေးသားခဲ့သည့် အစီရင်ခံစာနှင့်ပတ်သက်ပြီး အစိုးရနှင့် ဆွေးနွေး နိုင်ရန် အဖြေရှာနေသည်ဟု တယ်လီနောမြန်မာက သတင်းထုတ်ပြန်ထားသည်။

၂၀၁၇ ခုနှစ် တိုက်ခိုက်မှုဖြစ်စဉ်များအပြီးတွင် တပ်မတော်မှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာတွင် အလယ်သံကျော်ရှိ တယ်လီနော ဆက်သွယ်ရေးတာဝါတိုင်ပေါ်၌ လက်ဖြောင့်သေနတ်သမားများကို နေရာ ချထားခဲ့သည်ဟု နိုဝင်ဘာ ၂၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီးနောက် တယ်လီနောဘက်မှ ယခုလို သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

“ထိုကာလက ထွက်ပြေးနေသည့် ယောက်ျားမိန်းမကလေးများကို ယင်းတာဝါတိုင်ပေါ်မှ ပစ်ခတ်မှုများရှိခဲ့သည်” ဟု ကုလားတန် သတင်းကွန်ရက်၏ အစီရင်ခံတွင် ပါရှိသည်။

ထိုအစီရင်ခံစာနှင့် ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း၊ စိုးရိမ်ပူပန်စရာကောင်းကြောင်း တယ်လီနောမြန်မာက နိုဝင်ဘာ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

“စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဖြစ်ရပ်မှန်တွေကို ရှာဖို့ တယ်လီနောမြန်မာက သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ဆွေးနွေးဖို့တင်ပြထားပါတယ်” ဟု တယ်လီနော၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆက်သွယ်ရေးတာဝါတိုင် အများစုသည် လူအစောင့်အရှောက်မရှိကြောင်း ၊ ပြင်ပလူ ဝင်ရောက်နိုင်ခြင်းမရှိရန် ခြံဝန်း ခတ်ထားသော်လည်း ချိုးဖျက်ဝင်ရောက်လျှင် တားဆီးနိုင်မည်မဟုတ်ကြောင်း တယ်လီနောဘက်ကဆိုသည်။ ယင်းအပြင် တာဝါတိုင်ဧရိယာကို ထပ်မံဝင်ရောက်ပြီး အသုံးပြုမည်ကိုလည်း စိုးရိမ်ကြောင်း ထပ်လောင်းဆိုသည်။

ပဋိပက္ခများ ဖြစ်ပွားနေခဲ့သည့် ၂၀၁၇ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလများတွင်လည်း အဆိုပါဒေသများသို့ ဝင်ရောက် သွားလာရန် အစိုးရဘက်က တင်းကြပ်စွာ တားမြစ်ထားခြင်းများလည်း ရှိနေသည်။ ယင်းအပြင် ကုလားတန် သတင်းကွန်ရက်က ဖော်ပြထားသည့် တာဝါတိုင်သည် ၂၀၁၆ ခုနှစ်အတွင်းက စိုက်ထူထားခြင်းဖြစ်သော်လည်း ၂၀၁၈ ခုနှစ် မတ်လအတွင်းမှ စတင်အသုံးပြုနိုင်ခြင်းဖြစ်သည်ဟုလည်း တယ်လီနောဘက်က ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly