အတက်ရောဂါ . . ဘာကြောင့်ဖြစ်တာလဲ . . ဘယ်လိုကာကွယ်မလဲ . . . အပိုင်း (၁)

By ကိုမျိုးသန့်(မဇ္စျိမ)
03 December 2018
အတက်ရောဂါ . . ဘာကြောင့်ဖြစ်တာလဲ . . ဘယ်လိုကာကွယ်မလဲ . . . အပိုင်း (၁)

မင်္ဂလာပါ မဇ္စျိမပရိသတ်များခင်ဗျား။ ကျွန်တော်တို့ရဲ့ 4R Health Talk အစီအစဉ်ကနေ ကြိုဆိုပါတယ်ခင်ဗျား။ ဒီနေ့ ကျွန်တော်တို့ ဆွေးနွေးသွားမယ့် အကြောင်းအရာကတော့ အတက်ရောဂါနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုကာကွယ်သင့်သလဲ၊ ဘာကြောင့်ဖြစ်တာလဲ ဆိုတာကို ဆရာကြီးဦးဉာဏ်ထွန်းနဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဆရာကြီးဟာ ဦးနှောက်နဲ့အာရုံကြောအထူးကု ဆရာဝန်ကြီးဖြစ်ပါတယ် ။

မေး။ ။ အဲ့ဒီတော့ ဆရာကြီးဦးဉာဏ်ထွန်းကို ကျွန်တော် ပထမဆုံးမေးပါရစေဆရာကြီး။ ဒီအတက်ရောဂါက ဘယ်လောက်ထိ အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်သလဲ။ ပြီးရင် ဖြစ်ပွားနှုန်းကရော ဘယ်လောက်ရှိပါသလဲခင်ဗျား။

ဖြေ။ ။  အတက်ရောဂါကတော့ အဖြစ်နည်းတဲ့ ရောဂါတစ်ခုတော့ မဟုတ်ပါဘူးနော်။ ကမ္ဘာပေါ်မှာပဲ ယှဉ်ယှဉ် မြန်မာပြည်မှာပဲ ယှဉ်ယှဉ် ၊ကမ္ဘာပေါ်မှာကျတော့ သူတို့ရဲ့ လေ့လာတွေ့ရှိချက်အရ General Statistic ပေါ့၊ လူအများထဲမှာဆိုရင် အယောက်တစ်ထောင်မှာ ဆယ်ယောက်၊ ခုနှစ်ယောက်လောက် ဖြစ်တတ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကျတော့ ကျွန်တော်တို့ လေ့လာတွေ့ရှိချက်အရကတော့ ညောင်တုန်းမှာ ၂၀၀၅ ခုနှစ်မှာ လုပ်တဲ့ အချိန်မှာကျတော့ အယောက်တစ်ထောင်မှာ တစ်ယောက်လောက်ပဲ တွေ့တယ်ပေါ့။ တစ်နှစ်အတွင်း လုပ်တဲ့နေရာမှာ အတက်ရောဂါနဲ့ ပတ်သက်လို့ နှစ်ရာကျော်၊ နှစ်ရာ့သုံးဆယ့်နှစ်ယောက်တွေ့ခဲ့တယ်။ ဒါပေမယ့် အဲ့ဒီတုန်းက လုပ်တဲ့ အတက်ရောဂါသည် အတက်ရောဂါအားလုံးကို လုပ်တာမဟုတ်ဘူး။   Generalize Statistic ဖြစ်တဲ့ တစ်မျိုးတည်းလုပ်တာ။ အတက်ရောဂါမှာ တက်ခြင်း အမျိုးမျိုးရှိတယ်။ ကျွန်တော်တို့က တက်ခြင်း အမျိုးမျိုးရှိတဲ့အထဲ အလွယ်တကူသိနိုင်တဲ့ အဖြစ်များတဲ့ အတက်ရောဂါကိုသာ ရှာဖွေဖော်ထုတ်တာဖြစ်ပါတယ်။ ရန်ကုန်ဆေးရုံကြီး အနေနဲ့ ဆိုရင် ကျွန်တော်တို့ ၂၀၀၅ ခုနှစ်ထဲက ဆိုရင်တော့ အတက်ရောဂါဟာ စာရင်းအရ ဆိုရင်တော့ နံပါတ်သုံးနေရာမှာရှိတယ်။ နောက်ရှားပါးရောဂါဖြစ်တာ တစ်ယောက်၊ နောက်ဆုံး နံပါတ် ၅ နေရာမှာရှိပါတယ်။ အတက်ရောဂါဟာ လူတွေအသိများနေတာက လူတိုင်းရဲ့ ပတ်ဝန်းကျင်မှာ ဝက်ရူးပြန်ရောဂါလို့ပဲ သိကြတယ်။ အတက်ရောဂါဆိုတဲ့ နာမည်က ဘယ်လိုပေါ်ပေါက်လာလဲ ဆိုတော့ ၁၉၉၇ ခုနှစ်မှာ ရန်ကုန်ဆေးရုံကြီးမှာ ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ သြစတြီးယား ဗီယမ်နာက Neurologist တွေ နဲ့ ပူးပေါင်းပြီးတော့ ရန်ကုန် အတက်ရောဂါကုဌာနဆိုတာကို ဖွင့်ဖို့ဆောင်ရွက်ခဲ့တယ်။ အဲ့ဒီ အချိန်ကနေစပြီးတော့ ကျန်းမာရေးဦးစီးဌာနက အတက်ရောဂါဆိုပြီးတော့ နာမည်ကို သတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ ကျွန်တော်တို့က ဒီအတက်ရောဂါ အဲ့ဒီအချိန်တည်းက ၁၉၉၇ ခုနှစ်က စ ကုခဲ့တယ်။ ကုခဲ့တဲ့ အထဲမှာ တော်တော်များများက အသက်အရွယ်မရွေး၊ ဘာသာမရွေး၊ နေရာဒေသမရွေး၊ လူမျိုးမရွေး အတက်ရောဂါသည်တွေ ဖြစ်ကြတယ်။ ဒါပေမယ့် ကုရကောင်းမှန်းမသိဘူး။ ကုရကောင်းမှန်း ဘာလို့မသိသလဲဆိုတော့ နေရာဒေသ အလိုက်၊ အယူအဆအလွဲတွေရှိတယ်။ နောက်တစ်ခုက သူတို့က အတက်ရောဂါကို တစ်ခြားရောဂါလို့ ထင်ကြတယ်။ စိတ်ရောဂါနဲ့ပတ်သက်တယ်ထင်တယ်။ ပယောဂ လို့ထင်တယ်။ ကုသလို့မရတဲ့ ရောဂါလို့ထင်တယ်။ ပယောဂ ဆရာနဲ့ ကုမှပျောက်မယ်လို့ ထင်ကြတယ်။ ဒါတွေက မှားနေတဲ့အယူအဆ၊ အတက်ရောဂါဆိုတာ ဦးနှောက်နဲ့ ဆိုင်တဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ အတွက်ကြောင့် အများအားဖြင့် လူတွေက အတက်ရောဂါ ကုရကောင်းမှန်း မသိတဲ့အတွက်ကြောင့် ၇၅ ရာခိုင်နှုန်း၊ ၈ဝရာခိုင်နူန်းက မှန်ကန်တဲ့ ဆေးကုသမှုကို မရကြဘူး။ မရကြတဲ့ အတွက်ကြောင့် အတက်ရောဂါက ပိုဆိုးတယ်။ ပိုဆိုးလာတဲ့ အချိန်မှာ ဘယ်လိုဖြစ်လည်း ဆိုတော့ အချိန်မတိုင်မီ အသက် ဆုံးရုံးနိုင်တဲ့အထိ ဖြစ်နေတယ်။ ဥပမာ အတက်ရောဂါရှိတဲ့ လူတစ်ယောက်က မသိဘူး၊ ကားမောင်းသွားတယ် ကားမောင်းတဲ့ အချိန်မှာ တက်ရင် အန္တရာယ်ရှိတယ်။ ရေကူးတယ်၊ တက်တဲ့အချိန်မှာ အန္တရာယ်ရှိတယ်။ အမြင့်တက်ရင်းတက်တာ အန္တရာယ်ရှိတယ် ဆိုတော၊့   ဥပမာ အန္တရာယ်ရှိတာကို သိဖို့အတွက်က ဆောင်ရန်၊ ရှောင်ရန် အများကြီး ရှိတယ်။ အဲ့ဒါလေးတွေကို အသိပညာ ကျွန်တော်တို့က မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်၊ ဆိုတော့ အဲ့ဒါတွေ အသိလွဲမှားစေတဲ့အယူအဆကို မှန်ကန်တဲ့အသိပညာရှိမှ၊ ကုရကောင်းမှန်း သိမှ ဆေးကုသမှုရတဲ့အခါကျရင် များသောအားဖြင့် ၇၀၊၈ဝရာခိုင်နှုန်းသော အတက်ရောဂါရှိသော သူများသည် ရောဂါကို အလွယ်တကူ ကုသထိန်းသိမ်းနိုင်တယ်နော်၊ အခု ကမ္ဘာပေါ်မှာ ကျွန်တော်တို့ လူနာလို့သုံးမယ့်အစား အတက်ရောဂါရှိသောသူ ဆိုပြီးတော့ သုံးကြတယ်။ ဘာကြောင့်လဲဆိုတော့ လူနာအနေနဲ့ဆိုရင် သူတို့ကို နှိမ်တယ်၊ သူတို့ကို ပစ်ပယ်ထားသလိုဖြစ်တယ်။ အတက်ရောဂါ ဝေဒနာရှင်တွေရဲ့ စိတ်ထဲမှာရော သူတို့မှာ၊ ရှိမှာပေါ့လေ အမဲစက် တစ်ခုကြီးလိုဖြစ်နေတော့ လူတွေက သူတို့ကို လူကြားထဲမတိုးရဲလာအောင် အားငယ်ပြီးတော့၊ လူတွေရဲ့ ရှောင်ဖယ်ခြင်း၊ ခွဲခြားဆက်ဆံခြင်းကို ခံရတတ်တယ်။ ဥပမာ ကျောင်းတွေမှာ ဆိုလို့ရှိရင်လည်း ကလေးတစ်ယောက် တက်ပြီဆိုရင် ဟာ ဒါ ကူးစက်တတ်တဲ့ရောဂါပဲ ဖြစ်မယ်၊ ပါးစပ်က အမြုပ်ထွက်နေတယ် အနားမကပ်နဲ့ ကျောင်းလည်း မလာကြနဲ့လို့ အမေကိုပြောလိုက်တယ်။ ဒီအတက်ရောဂါ သက်သာပြီးတော့မှ လာခဲ့ပါ ဆိုပြီးတော့ မှာလိုက်တယ်။   အမေကလည်း ကုရကောင်းမှန်းမသိတော့ အိမ်မှာ ထားတဲ့ကလေးက ကျောင်းဆက်မတက်ရတဲ့အတွက်ကြောင့် ပညာရေးပါထိခိုက်တယ်။ ထိုနည်းတူစွာပဲ အလုပ်လုပ်တဲ့ နေရာမှာရော၊ လက်ထပ်တဲ့နေရာ၊ ဒီလိုအခက်အခဲတွေ လူမှုရေးအခက်အခဲနော်၊ နောက်ဆေးကုသမယ့် ဆေးစရိတ်တွေက မခံနိုင်ကြဘူး။ ဘာလို့လဲ ဆိုတော့ အများအားဖြင့် အတက်ရောဂါက ဝင်ငွေနည်းတဲ့ မိသားစုနဲ့ အသိုင်းအဝိုင်းမှာ ပိုပြီးတော့ အဖြစ်များတယ်။ အဲ့ဒါကြောင့်ပါ။

မေး။ ။   ဝက်ရူးပြန်ရောဂါ နဲ့ အတက်ရောဂါ ဘယ်လိုကွာပါသလဲခင်ဗျား။

ဖြေ။ ။ အမှန်ကတော့ အခေါ်အဝေါ်ပဲကွာတာ၊ အတူတူပဲ။

မေး။ ။ ကျွန်တော်တို့နိုင်ငံအနေနဲ့ ဆိုရင် နံပါတ် ၅ လောက်ဖြစ်တဲ့အခါကျတော့၊ အသက်အရွယ်ကျတော့ရော အရွယ်မရွေးဖြစ်နိုင်တာလား၊ ဘယ်အရွယ်တွေမှာ ပိုဖြစ်များလဲ ခင်ဗျား။

ဖြေ။ ။ အသက်အရွယ်မရွေး ဖြစ်နိုင်တယ်။ များသောအားဖြင့်တော့ အသက်ငယ်တဲ့လူနဲ့ အသက်ကြီးတဲ့ လူတွေမှာတော့ နည်းနည်းအဖြစ်များတယ်။ လူလတ်ပိုင်းတွေမှာ အဖြစ်နည်းတယ်။ သူ့ရဲ့ ဖြစ်ရတဲ့ အကြောင်းအရင်းက ရောဂါပေါ်မှာ မူတည်တယ်။ ဥပမာ အသက်ငယ်တဲ့အပိုင်းကျတော့ မွေးရာပါ ချို့ယွင်းချက်၊ မွေးတဲ့အချိန်မှာ ခေါင်းကိုထိခိုက်တာတို့ မွေးရာပါ ချို့ယွင်းချက်ကြောင့်ဖြစ်တယ်။ လူအသက်နည်းနည်းကြီးလာတဲ့ အခါကျတော့ ရောဂါပိုးပေါ့၊ infection ကြောင့် ဖြစ်တာတွေများပါတယ်။ နောက်အသက်နည်းနည်းပိုကြီးလာတဲ့အခါကျတော့ အပြင်ကို ထွက်တတ်တဲ့အတွက်ကြောင့် ထိခိုက်ဒဏ်ရာရမှု ဖြစ်လာတယ်။ နောက် ရောဂါပိုးတွေပါ infection တွေပေါ့၊ အဲ့ဒါကြောင့်တွေဖြစ်လာတယ်။ အသက်ပိုရလာသည့်အခါကျတော့ ကျွန်တော်တို့က လေဖြတ်တဲ့ ရောဂါတို့၊ နောက် Brain Tumour တို့ပေါ့နော်၊ အဲ့ဒီဦးနှောက်အကျိတ်ရောဂါဆို ပိုအဖြစ်များတယ်။ U Shade (ယူရှိတ်) လိုဖြစ်နေတာ၊ အားလုံးမှာ အသက်အရွယ်မရွေးတော့ဖြစ်တယ်။   ဖြစ်တဲ့ အကြောင်းရင်း အပေါ်မှာ မူတည်တယ်။

မေး။ ။ ကျေးဇူးတင်ပါတယ်။   ဒီအတက်ရောဂါ ဘာကြောင့်ဖြစ်တာလဲဆိုတာတော့ ဆရာကြီး ပထမပိုင်းမှာ ပြောခဲ့ပြီးပါပြီ၊ ဦးနှောက်နဲ့ အာရုံကြောနဲ့ပတ်သက်တယ်ပေါ့နော်။ သူ့ကို ကျွန်တော်တို့က ကြိုတင် သိနိုင်ပါသလား၊ လက္ခဏာတွေက ဘယ်လိုပြတာလဲ ခင်ဗျား။

ဖြေ။ ။ အတက်ရောဂါမှာ ပြန်ပြောရရင်တော့ ကျွန်တော်တို့ တက်တဲ့လူတိုင်းကို အတက်ရောဂါလို့ မသတ်မှတ်ဘူး။ ဘာလို့လဲဆိုရင် ဥပမာ ကြားဖူးမှာပေါ့နော် တစ်ချို့တွေကျတော့ ဘောလုံးပွဲ ကစားခါနီးကျမှ တက်တာဖြစ်တယ်။ ဘာလို့ဆို သူက စိတ်ပူပြီးတော့ အိပ်ရေးပျက်ပြီးတော့ တက်တယ်၊ အဲ့ဒါမျိုးကျတော့ အတက်ရောဂါလို့မခေါ်ဘူး၊ တစ်ကြိမ် တစ်ခါတည်းနဲ့ တက်တာကို မခေါ်ဘူး။ လူတိုင်းက စိတ်ရဲ့ လှုပ်ရှားမှုကြောင့်၊ ဥပမာ အရက်သောက်တဲ့ လူဆိုရင် အရက်က နေ့တိုင်းသောက်တယ် အလွန်အကျွံသောက်တယ်၊ ဒါပေမယ့် သူက အော် ဒီတစ်ခါတော့ ဥပုသ်ဝင်ရတော့မယ် နားရတော့မယ် အိမ်ကလည်း ပြောလှပြီ ဆိုပြီးတဲ့ အခါကျတော့ သူက အရက်ကို ရုတ်တရက် ဖြတ်ချလိုက်တာ၊ ရုတ်တရက် ဖြတ်ချလိုက်တဲ့ အချိန်မှာ တက်တယ်။     အဲ့ဒီလိုမျိုးကျတော့ အတက်ရောဂါလို့ မခေါ်ဘူး။ ဒါဟာ ဆေးကုဖို့ မလိုဘူးလားဆိုတော့ ဒီလိုလူနာမျိုးလည်း ဆေးကုဖို့လိုတယ်၊ ဥပမာ သွေးထဲမှာ သွေးချိုအရမ်းတက်သွားတယ်၊ သွေးချိုအရမ်းကျသွားတယ်၊ အဲ့ဒီအခါကျရင်လည်းတက်တတ်တယ်။ အဲ့ဒီလိုမျိုးတက်တာကိုတော့ ကုမယ်၊ လောလောလပ်လပ်ကို။ ဒါပေမယ့် အတက်ရောဂါအနေနဲ့ ကာကွယ်ဆေး အကြာကြီးသောက်ရန်မလိုဘူးပေါ့၊ အဲ့ဒီလိုလူမျိုးကျတော့ ဒါဆိုရင် ဘယ်အချိန်အခါမှ အတက်ရောဂါလို့ ခေါ်မလဲ၊ မေးစရာရှိတယ်။ အတက်ရောဂါလို့ ဆရာတို့က သတ်မှတ်ပြီဆိုရင် ဆေးပေးရတော့မယ်၊ ဆေးက နှစ်ရှည်လများနဲ့ ပေးရတော့မယ်၊ နှစ်ရှည်လများမှာ ဆေးမှန်မှန်သောက်ရမယ်ဆိုတော့။ ဒီလို အခြေအနေမျိုးကျ ဘယ်လိုတက်တဲ့ လူနာမျိုး အတက်ရောဂါလို့ ခေါ်မလဲဆိုတော့ လွန်ခဲ့တဲ့ တစ်နှစ်အတွင်း၊ ဒါ ကျွန်တော်တို့ ဒီအဓိပ္ပါယ် ဖော်ပြချက်က ကျွန်တော်တို့ W.H.O က သတ်မှတ်ထားတဲ့ နိုင်ငံတကာ စံချိန်စံညွန်း အားလုံးစာအုပ်တွေအရ သူတို့ လေ့လာတာ နောက်ဆုံး ထွက်ရှိထားတဲ့ definition and diagnosis အရ ပြောမယ်ဆိုရင် လွန်ခဲ့သော တစ်နှစ်အတွင်းမှာ လတ်တလော အကြောင်းအရင်းခံ မရှိဘဲ ၂၄ နာရီခြားပြီးတော့ နှစ်ကြိမ်ထက်မက၊ နှစ်ကြိမ်ထက် တက်တဲ့ လူနာတွေကို ဆရာတို့ အတက်ရောဂါလို့ သတ်မှတ်ပြီးတော့ အတက်ရောဂါလို ကုမယ်။ ဥပမာ တစ်ရက်တည်းမှာပဲ ဆယ်ကြိမ်တက်ရင် နောက်ထပ်မတက်တော့ဘူးဆိုရင် ဒါ အတက်ရောဂါမဟုတ်တော့ဘူး။ ၂၄နာရီခြားပြီးမှ နှစ်ကြိမ်ထက်မက တက်တဲ့ လူနာကိုသာ အတက်ရောဂါလို့ ခေါ်တယ်။ ဒါကြောင့် တစ်ခါ တစ်လေကျရင် အတက်ရောဂါဆိုတာ လွယ်သယောင်ယောင်နဲ့ ခက်တယ်။ တိမ်သယောင်ယောင်နဲ့ နက်တယ်။ ကုသရတဲ့ နေရာမှာလည်း၊ ဆေးပေးတဲ့ နေရာမှာလည်း နည်းနည်းလေး စဉ်းစားရတာပေါ့။

မေး။ ။ ခုနဆရာကြီးပြောသွားတဲ့ အထဲမှာ လူက သတိမမူဘူးပေါ့နော်၊ ဥပမာဆိုကြပါစို့ တက်တယ် ဆိုကြပါစို့၊ ရက်ကြာကြာနေမှ တစ်ခါလောက်တက်တယ်ပေါ့၊ တက်တဲ့အခါကျတော့ သူတို့က ကုသရကောင်းမှန်းမသိဘူး ဆိုတဲ့ဟာမျိုးပေါ့နော်၊ သတိမူရကောင်းမှန်းမသိဘူးဆိုတဲ့ဟာမျိုး ရှိတတ်ပါတယ်၊ အဲ့ဒီတော့ ဒီလူတွေကိုရော ဆရာကြီး ဘာများပြောချင်ပါသလဲခင်ဗျား။

ဖြေ။ ။ အဲ့ဒါမျိုးကျတော့ ဥပမာ တစ်ကြိမ်တစ်ခါ တက်လို့ ဆေးရုံရောက်လာတယ်၊ အဲ့ဒီအခါကျတော့ ကျွန်တော်တို့က စစ်မယ်၊ သူတို့ကို ရာဇဝင်မေးတယ်ပေါ့၊ လူနာတစ်ယောက်ကိုတွေ့ရင် ရောဂါရာဇဝင်မေးတယ် ရာဇဝင်မေးတဲ့အခါမှာလည်း တကယ်တက်တာ ဟုတ်မဟုတ်ဆိုတာ Eye witness ဆိုတဲ့ မျက်မြင် သက်သေလိုတယ်။ တစ်ချို့တွေက ရုပ်ရှင်ထဲမှာ တက်တဲ့ တကယ်တက်တာမဟုတ်ဘူးပေါ့၊   တကယ်တက်တာ မဟုတ်ဘူး ဟန်ဆောင်ပြီးတော့ စိတ်ဖိစီးသွားပြီးတော့ဖြစ်ဖြစ်၊ ရုပ်ရှင်ထဲမှာ တက်သလိုမျိုး၊ အဲ့ဒီလိုမျိုးဖြစ်သလား။ တကယ်တက်တာ ဟုတ်မဟုတ်ဆိုတာ ခွဲခြားဖို့လိုတယ်၊   တက်ခြင်းအမျိုးအစား အမျိုးမျိုးရှိတာကိုး၊ ဘာလို့ဆိုတော့ ကိုယ်တောင့်ပြီး တက်တာရှိတယ်၊ ကိုယ်ခန္ဓာတစ်စိတ်တစ်ပိုင်း တက်တာရှိတယ်။ တစ်ခါတစ်လေကျတော့ အဲ့ဒီတက်ခြင်းအမျိုးအစားက အထူးကုဆရာဝန် ကိုယ်နှိုက်ကိုက နည်းနည်းလေး ခွဲခြားရခက်တဲ့ အပိုင်းတွေရှိတယ်။ တစ်ချို့သော တက်ခြင်းမျိုးကျတော့ ကြိုတင်ပြီးအသိပေးတာလေးရှိတယ်၊ သတိထားမယ်၊ ဟာ တစ်ခုခု ဗိုက်ထဲမှာ ခံစားရသလို ၊ မူးသလိုဘာလိုလို ဖြစ်ပြီးမှာ သတိလစ်သွားတယ် သတိလစ်ပြီးတဲ့ အချိန်ကျမှ တစ်ကိုယ်လုံးတောင့်တင်းပြီး တက်ပြီးတော့ လျှာကိုက်မိတာတို့ ဆီးဝမ်းထွက်ကျတာတို့ စတဲ့  လက္ခဏာတွေဖြစ်သွားတယ်၊ အဲ့ဒီလိုမျိုးကျတော့ ပိုပြီးကြာသလိုဖြစ်တယ်။ နောက်ပြီးတော့ တက်ပြီးတဲ့ အချိန်ကျလို့ရှိရင်လည်း ချက်ချင်းမကောင်းဘူး အိပ်ပျော်ချင်သလိုလို မူးဝေချင်သလိုလို သတိကလည်းမကောင်း အဲ့ဒီလိုဆိုရင်တော့ အမှန်က တက်တဲ့ အချိန်က ပုံမှန်အားဖြင့်တော့ သုံးမိနစ်အထက် ငါးမိနစ်ပုံမှန်ကြာပါတယ်၊ အကယ်၍ ငါးမိနစ်ထက် ပိုကြာရင်တော့ ဒါအရေးကြီးပြီ၊ ဒါက Emergency ဖြစ်ပြီးတော့ ပိုပြီးတော့ Emergency Treatment ကုဖို့တော့ လိုအပ်လာတယ်။ ဆိုတော့ အဲ့ဒါလေးတွေ သိဖို့တော့လိုတယ်။ တက်ခြင်းအမျိုးအစားပေါ်မှာ မူတည်ပြီးတော့ ဆရာတို့က ကာကွယ်ဖို့တော့ လိုတယ်။ အသိပညာပေးဖို့တော့ လိုတယ်။ ဘယ်လိုလူမျိုးဟာဖြင့် ဆေးကုသဖို့ လိုတယ်။ ဘယ်လိုလူမျိုးဟာဖြင့် ဆေးကုရန်မလိုဘူး ဆိုတာရှင်းပြဖို့တော့ လိုတယ်။     ။

 
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly