တိုက်ကွမ်ဒိုအားကစားဖွံ့ဖြိုးရန် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်မည်

တိုက်ကွမ်ဒိုအားကစားဖွံ့ဖြိုးရန် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၃ ။               ။ မြန်မာနိုင်ငံတွင် တိုက်ကွမ်ဒိုအားကစားဖွံ့ဖြိုးလာစေဖို့အတွက် ပညာရေးဝန်ကြီးဌာနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောဆို လိုက်ပါတယ်။

ရန်ကုန်မြို့၊ လူငယ်အားကစားလေ့ကျင့်ရေးစခန်း (သုဝဏ္ဏအားကစားကွင်း) မှာ ဒီဇင်ဘာ ၃ ရက်နေ့က  မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်ရဲ့ အားကစားရုံသစ်ဖွင့်ပွဲမှာ ပြောဆိုလိုက်တာပါ။

“ ကျောင်းတွေမှာသွားပြီး တိုက်ကွမ်ဒို ကစားပုံ ကစားနည်းတွေကိုပြသဖို့လိုပါတယ်။ သို့မှသာလျှင် ကျောင်းတွေ၊ တက္ကသိုလ်တွေမှာ ဒီအားကစားနည်းကို စိတ်ဝင်စားမှာဖြစ်ပါတယ်။ ဒီဥစ္စာကိုလုပ်ဖို့ဆိုရင် ပညာရေးဝန်ကြီးဌာနနဲ့ပူးပေါင်းပြီး စီစဉ်ပါမယ်။ သွားပြီးပြသမယ်။ Nutrition Day (အာဟာရနေ့) တွေ လုပ်ပါမယ်” လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြောပါတယ်။

ဒါ့အပြင်မှာ တိုက်ကွမ်ဒိုအားကစားနည်းဟာ ကျန်းမာရေးအတွက် အလွန်ကောင်းတာကြောင့် လူငယ်တွေကို ကစားစေလိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ယခုဖွင့်လှစ်လိုက်တဲ့ အားကစားရုံဟာ မြန်မာနိုင်ငံမှာ ပထမဆုံးဖြစ်ဖွယ်ရှိပြီး ကိုရီးယားနိုင်ငံရှိ Booyoung ကုမ္ပဏီကနေ ကုန်ကျငွေ အမေရိကန် ဒေါ်လာ ၄ သိန်းအသုံးပြုတည်ဆောက်ပေးခဲ့တာလည်းဖြစ်ပါတယ်။

“ မြန်မာနိုင်ငံမှာမှမဟုတ်ဘဲ လာအိုရော ကမ္ဘောဒီးယားမှာရောအမြဲကူညီပြီး ဒီလိုမျိုးဆောက်လုပ်နေတာ ဖြစ်ပါတယ်။ ဒီလိုမျိုးများတဲ့ပမာဏကိုလည်း ဒီထက်ပိုပြီးကူညီပေးချင်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ ကိုရီးယား ရိုးရာဖြစ်တဲ့တိုက်ကွမ်ဒိုကို မြန်မာလူမျိုးတွေ ပိုကစားလာအောင်လည်းမျှော်လင့်ပါတယ်။ ပြီးတော့ မြန်မာ့ အားကစားလည်း ပိုပြီးဖွံ့ဖြိုးတိုးတက်လာစေဖို့ရည်ရွယ်ပါတယ်” လို့ ကိုရီးယားနိုင်ငံအခြေစိုက် Booyoung Company က တာဝန်ရှိသူ Mr.Shin, Hyun-Suk ကပြောပါတယ်။

အဆိုပါအားကစားရုံသစ်ကြီးမှာ မြန်မာ့တိုက်ကွမ်ဒိုဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ ရလဒ်ကောင်းတွေ ထွက်လာဖို့ အတွက် လူငယ်တွေကို စခန်းသွင်းလေ့ကျင့် တာတွေ၊ ပြိုင်ပွဲတွေကိုလည်း ပြုလုပ်သွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ သိရပါတယ်။

ဒါ့အပြင်မှာ အားကစားရုံပြင်ပမှာလည်း ထမင်းစားရုံတွေ၊ အားကစားသမားတွေအတွက် အခန်းတွေကို ဆက်လက် တည်ဆောက်သွားမှာဖြစ်တာကြောင့် ပြည်ထောင်စုဝန်ကြီးအနေနဲ့ ပံ့ပိုးပေးဖို့ကိုလည်း အဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။

တိုက်ကွမ်ဒိုအားကစားရုံသစ်ဖွင့်ပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်တွေ၊ ကိုရီးယားသံအမတ်ကြီးနဲ့အလှူရှင်ကုမ္ပဏီမှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly