အရည်အသွေးနိမ့်ကျသည့် ကျန်းမာရေးစောင့်ရှောက်မှုကို မသန်စွမ်းသူများ နှစ်ဆ ကြုံတွေ့နေရ

အရည်အသွေးနိမ့်ကျသည့် ကျန်းမာရေးစောင့်ရှောက်မှုကို မသန်စွမ်းသူများ နှစ်ဆ ကြုံတွေ့နေရ
ဒီဇင်ဘာလ ၃ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (၂) တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနား မြင်ကွင်း။

နေပြည်တော်၊ ဒီဇင်ဘာ ၃ ရက်။              ။ ကမ္ဘာ့နိုင်ငံများတွင် ဆင်းရဲမွဲတေမှုနှင့် အစာအဟာရချို့တဲ့မှုနှုန်းတွင် မသန်စွမ်းသူများ၏ အရေအတွက်သည် မြင့်မားနေပြီး အရည်အသွေးနိမ့်ကျသည့်ကျန်းမာရေးစောင့်ရှောက်မှု အကျိုးဆက်ကို နှစ်ဆကြုံတွေ့နေရသည် ဟု မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

“ကမ္ဘာ့နိုင်ငံအချို့မှာ မသန်စွမ်းသူများရဲ့ အလုပ်အကိုင်ရရှိမှုဟာ ၄င်းနိုင်ငံရှိ မသန်စွမ်းလူဦးရေ ၃ ပုံ ၁ ပုံသာ ရှိပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ မသန်စွမ်းကလေးငယ်တွေရဲ့ အခြေခံပညာမူလတန်း အဆင့် တက်ရောက် သင်ကြားမှုနှုန်းနဲ့ အခြားကလေးငယ်များအကြား ကွာဟမှုအနေနဲ့လည်း ၁၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းထိ ရှိပါတယ်”ဟု ၄င်းက ပြောကြားသည်။

ထို့အပြင် ကမ္ဘာ့လူဦးရေ သန်း ခုနစ်ထောင်ကျော်အနက် ဆယ်ပုံတစ်ပုံခန့်သည် မသန်စွမ်းသူများ ဖြစ်ကြပြီး ထိုသူများထဲမှ ၈၀ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

“မသန်စွမ်းသူများရဲ့ ဘဝမှာ ကြုံတွေ့နေရတဲ့ အခက်အခဲအတားအဆီးတွေက သူတို့ရဲ့ “ချို့ယွင်း အားနည်းမှု ” ကြောင့် မဟုတ်ဘဲ၊ ပတ်ဝန်းကျင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်သဘောထား အမြင်ပိုင်းဆိုင်ရာနှင့် အတားအဆီးများ ကြောင့်သာ”ဖြစ်သည် ဟု ၄င်းက ယနေ့ ဒီဇင်ဘာလ ၃ ရက်က အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (၂) တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ (၅၀.၃)သန်း ရှိသည့်အနက်(၂.၃)သန်း (၄.၆ရာခိုင်နှုန်း)သည် မသန်စွမ်းမှု တစ်မျိုးမျိုး ရှိနေပြီး အလုပ်အကိုင်အခွင့်အလမ်းသည် အနည်းငယ်(သို့) လုံးဝမရှိကြကြောင်း မသန်စွမ်းသူများ အလုပ်ခန့်ထားခြင်းဆိုင်ရာ မြန်မာနိုင်ငံရှိ အလုပ်ရှင်များအတွက် လက်စွဲစာအုပ်မှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများအတွက် ငွေကြေးထောက်ပ့ံမှုသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း (၁၂၈၅၅) ဦးနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတင်း (၁၂၁၂၉) ဦး စုစုပေါင်ဒ (၂၄၉၈၄) ဦး အတွက် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်အတွက် ကုလသမဂ္ဂအဖွဲ့ကြီးမှ ချမှတ်ပေးထားသည့် ဆောင်ပုဒ်သည် “Empowering persons with disabilities and ensuring inclusiveness and equality” ဖြစ်ပြီး မြန်မာမှု ပြန်လည်ပြုထားသည့် ဆောင်ပုဒ်သည် “အားလုံးတန်းတူညီ အခွင့်အရေး ရရှိရေး၊ မသန်စွမ်းသူများ အစွမ်းမြှင့်တင်ပေး” ဖြစ်ကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required